Tuesday, July 27, 2010

WYSIWYG = ငါ့လက်ထဲကလွတ်..ဗျွတ်

ငါ့လက်ထဲကလွတ်..ဗျွတ်



WYSIWYG ဆိုတာ What You See Is What You Get ၏ အတိုကောက် စာလုံးဖြစ်ပါတယ်။ ဝစ်ဇီးဝစ် လို့ အသံထွက်ပါတယ်။ အဓိပ္ပါယ်ကတော့ "မြင်တဲ့အတိုင်းရမည်" တဲ့..။ ဘာရမှာလဲ..။ ဩ..မြင်တဲ့အတိုင်း ရပါမယ်ဆိုနေမှ..ဘာရမှာလဲတဲ့..မြင်တာရမှာပေါ့။ အဟဲ..နည်းနည်းဖောက်ကြည့်တာ..:)  ဆက်ပြောမယ်နော်း။

စံနစ်တစ်ခုက ထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်တစ်ခုဟာ တည်းဖြတ်နေဆဲကာလမှာ မြင်ရတဲ့အတိုင်း နောက်ဆုံးရလဒ် အချောသတ်ထုတ်ကုန်မှာ (အနီးစပ်ဆုံး) ရနိုင်မယ်ဆိုရင် အဲ့ဒီ စံနစ်ကို ဝစ်ဇီးဝစ် (WYSIWYG) ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ထိုစံနစ်မျိုးကို ဝစ်ဇီးဝစ် အယ်ဒီတာ (WYSIWYG Editor) လို့ ဆိုနိုင်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ ထုတ်ကုန်များကတော့...ပရင့်ထုတ်ထားသော document ၊ ဝက်ပေ့ခ်ျ ၊ ဆလိုက်ရှိုး slide presentation စသည်တို့ ဖြစ်ပါတယ်။

တကယ်တော့ WYSIWYG ဆိုတာ စွမ်းဆောင်ရည်တစ်မျိုးပါ။ တည်းဖြတ်နေဆဲ အချိန်မှာ တည်းဖြတ်နေသူက အချောသတ် ရလဒ်အတိုင်း မြင်ရဘို့ ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပါတဲ့။ ပြီးတော့ သုံးစွဲသူ၏ ရှု့ထောင့်ပေါ်လည်း မူတည်ပါတယ်တဲ့။ ကျနော် ဒီအကြောင်း စဖတ်မိတုန်းကတော့ သိပ်နားမလည်ဘူးဗျ။ "ဘာလဲဟ တည်းဖြတ်နေတဲ့သူက ရလဒ် ဘယ်လို ဖြစ်မယ်ဆိုတာ မှန်းပြီး လုပ်နေရတယ် ဆိုပါလား။ ငါတို့ ကကြီးရိုက်ရင် ကကြီးပေါ်နေတာပဲဟာ။ နောက်ဆုံးရလဒ်လဲ ကကြီးပဲ ပေါ်မှာပဲ"  ဒီလိုထင်ထားတာကိုးဗျ။

Presentation Program တွေ (ဥပမာ Microsoft PowerPoint) မှာတော့ ဆလိုက်ရှိုး လုပ်နေဆဲကာလမှာပဲ ဆလိုက်ရှိုး ပြန်ကြည့်ရင် ပေါ်မည့်အတိုင်း မြင်ရတာကို WYSIWYG စွမ်းရည်ပါ။ သူကျတော့ ပရင့်တာနဲ့ ထုတ်ပီးရင် ထွက်မည့် ရလဒ်ကို အဓိက မထားပါဘူး။

Word processing Program ၊ DTP Program တွေ (ဥပမာ Microsoft Word) မှာတော့ document တစ်စောင်ကို တည်းဖြတ်နေဆဲကာလမှာတင် ဖောင့်စာလုံးအလှအပတွေ၊ လိုင်းဘရိတ်တွေ၊ စာမျက်နှာ အထားအသိုတွေကို အချောသတ် ပရင့်ထုတ်ရင် ပေါ်မည့်အတိုင်း (အနီးစပ်ဆုံး) ပြပေးနိုင်တာကို WYSIWYG စွမ်းရည်လို့ခေါ်ပါတယ်။

အချုပ်အားဖြင့် ဆိုရလျင် တည်းဖြတ်နေသူကို အဆုံးသတ်မှာ ဘယ်လို ထုတ်ကုန်တစ်ခု ရမလဲ ဆိုတာ ပြပေးနိုင်တဲ့ စွမ်းရည်ပေါ့ ခင်ဗျာ။ ဒီ စွမ်းရည်မှာ အကန့်အသတ်လေးတွေတော့ ရှိနေပါတယ်။ (ကျနော် မှင်နီနဲ့ ရေးထားတဲ့ စာလုံးလေးတွေပေါ့။)

ပရင့်ထုတ်ရင် = ပရင့်တာပေါ် မူတည်နေသည်။ ပရင့်တာ မတူလျင် ရလဒ်ကွဲပြားမည်။
အနီးစပ်ဆုံး = ချွတ်စွတ်ရနိုင်ချင်မှ ရမည်။ ဖိုင်ကို သိမ်းထားချိန်မှာ ရှိနေသော စက်၏ အခြေအနေနှင့် နောင်တစ်ချိန် ဖိုင်ကို ပြန်ဖွင့်ဖတ်ချိန်တွင် ရှိသည့် စက်၏ အခြေအနေကွဲပြားပါက ရလဒ်လည်း ကွဲပြားမည်။
ဒါက စက်တစ်လုံးတည်းမှာတင် ပြောသေးတာနော်။ ဒီစက်မှာ ရိုက်ပြီး နောင် ဒီစက်မှာတင် ပြန်ဖွင့်ဖတ်တာတောင် ဒီလောက် ကွဲပြားနိုင်ချေ ရှိတယ်ဆိုရင် တခြားစက်တစ်လုံးမှာ ပြန်ဖွင့်ကြည့်တဲ့အခါတော့ ဘာပြောကောင်းမလဲ... ရလဒ်က လုံးဝ ဥဿုံလွဲနေတာမျိုးတောင် ကြုံရနိုင်ပါတယ်။ ဥပမာ...ကျနော်က ဒီစက်မှာ ကကြီးရိုက်ပြီး ဖိုင်နဲ့သိမ်းထားတယ်။ ကကြီးပေါ်မည့် ဖောင့် မရှိသည့်စက် (ထိုစက်ကိုယ်တိုင်လည်း ဖြစ်နိုင်သည်) မှာ သွားဖွင့်ကြည့်ပါက ကကြီးကို မြင်ရမည် မဟုတ်ပါ။

တလက်စတည်း soft copy နဲ့ hard copy အကြောင်း ပြောပြချင်ပါသေးတယ်။
soft copy ဆိုတာက ဒီလို ရလဒ်ကို ဖိုင်တစ်ခု အဖြစ် သိမ်းဆည်းထားတဲ့ ကော်ပီပါ။ ပြန်ဖွင့်ကြည့်ပြီး လိုအပ်ပါက တည်းဖြတ်လို့ ရတာမျိုးပေါ့။
hard copy ကျတော့ ပရင့်ထုတ်ပီး စက္ကူပေါ်မှာ သိမ်းထားတာမျိုးပါ။ တနည်းအားဖြင့် တည်းဖြတ်လို့ မရတော့တဲ့ ဖိုင်အသေဖြစ်သွားတဲ့ ကော်ပီပေါ့ခင်ဗျာ။

ဒါဆို hard copy ကို ၁၀၀% WYSIWYG လို့ ပြောလို့ ရပါတယ်။ စက္ကူပေါ်မှာ ပရင့်ထုတ်ပေးလိုက်မှတော့ အပြောင်းအလဲ ဘယ်ရှိတော့မလဲနော်း။ ရေစို စုတ်ပြဲသွားတာတို့၊ အမြင်အာရုံ၏လှည့်စားမှု့များသာ မရှိရင်ပေါ့။ soft copy မှာတော့ ဒီ ပြဿနာ တယ်ကြီးသဗျ။ ဘယ်နည်းနဲ့မှ ၁၀၀% WYSIWYG မဖြစ်နိုင်ဘူးလေ။ တစ်ဦးက ဖိုင်ကို သိမ်းပြီး နောက်တစ်ဦးကို ပေးလိုက်မယ်။ ပေးတဲ့ဖိုင်နဲ့ ရလာတဲ့ဖိုင် ဖိုင်ဆိုဒ်သာ တူချင်တူမယ်။ ချွတ်စွတ်ဖြစ်ဘို့ ခဲယဉ်းတယ် ခင်ဗျ။

ဥပမာ။  ကျနော် Microsoft Word ကို နမူနာတင်ပြကြည့်မယ်။
Microsoft Word မှာ စာရိုက်တယ် ဆိုပါစို့။ ဘာမှ မပြောထားရင် New Document ခေါ်လိုက်တာနဲ့ စက္ကူအလွတ် တစ်ရွက်ရလာပါမယ်။ အဲ့ဒီမှာ ဘာဖောင့်နဲ့ ရိုက်မှာလဲ။ ဖောင့် ဘယ်ဆိုဒ်လဲ။ မာဂျင် ဘယ်လောက်ထားမလဲ။ စာပိုဒ်တစ်ခုစီ၏ အကွာအဝေး၊ စာတစ်ကြောင်းချင်းစီ၏ အကွာအဝေး စတာတွေ ဘာမှ ချိန်ပေးစရာ မလိုပဲ စာစရိုက်လို့ ရပါတယ်။ ဒါကို default settings လို့ ခေါ်ပါတယ်။ ကြိုပီးချိန်ပေးထားတဲ့ ဆက်တင်းပါ။ ဘာဆက်တင်းမှ မရှိပဲ စာရိုက်လို့ မရပါဘူး။ ဒီတော့ user အလုပ်ရှုပ်သက်သာအောင် ဆော့ဝဲက default settings ချိန်ပေးထားတာပါ။ default settings ကို ဘယ်ကနေ ချိန်ထားတာလဲ။ တန်းပလိတ် (Template) တစ်ခုနဲ့ပါ။ Normal Template လို့ ခေါ်ပါတယ်။ Microsoft Word မှာ Normal Template ကို ဝင်ပြင်လို့ ရသလို (မိမိစိတ်ကြိုက် တန်းပလိတ်တင်ပြီးလည်း အသုံးပြုနိုင်ပါတယ်။) *default styles, AutoText, macros, toolbars, and other customizations that determine the basic look of the document.

[gallery]

Normal Template အသစ်စက်စက်ကို vanilla Normal Template လို့ ခေါ်ပါတယ်။ ကိုယ် Microsoft Word ကို အသုံးကြာလာတာနဲ့ အမျှ တချိန်ချိန်မှာ မိမိသဘောဖြင့် ဒါမှမဟုတ် မိမိဆန္ဒမပါပဲ ၎င်း Template ကို ပြင်မိသွားတာမျိုး ဖြစ်တတ်ပါတယ်။ vanilla မဖြစ်တော့ဘူးပေါ့ ခင်ဗျာ။ customized Normal Template ဖြစ်သွားတာပေါ့။

Word document ဖိုင်တိုင်းမှာ ထိုဖိုင်ဟာ ဘယ်Template သုံးပြီးရေးထားတယ် ဆိုတာပါ တွဲမှတ်ထားပါတယ်။ soft copy ကို ပြန်ဖွင့်တဲ့အခါ (ရှိပါက) ထို Template အသုံးပြု၍ ပြန်ဖွင့်ပေးပါတယ်။ ဒါမှလည်း ဒီ document ၏ အခြေခံအထားအသိုမြင်ကွင်း (basic look) တူမှာပေါ့နော်း။ ထားပါတော့.. ကိုယ်က customized ဖြစ်သွားတဲ့ Normal Template နဲ့ပဲ Word document ဖိုင်တစ်ဖိုင် ရေးပြီးပြီ ဆိုပါစို့။ ရေးတုန်းက သုံးခဲ့တဲ့ Template ရှိမနေတဲ့ စက်မှာ ပြန်ဖွင့်ရင် basic look မတူနိုင်တော့ပါဘူး။ basic look တောင် မတူမှတော့ ယ္ခင်ရိုက်ပြီး သိမ်းခဲ့တဲ့ document ပါဆိုတာ type-face တွေ (ကကြီး-ခခွေး) တွေ တူရုံက လွဲလို့ အားလုံးတလွဲစီ ဖြစ်နေတာမျိုး ကြုံရကောင်း ကြုံရနိုင်ပါတယ်။ မူရင်း စာမှာ စာမျက်နှာ ၅၀၀လောက် ပါပေမည့် soft copy မှာ စာမျက်နှာ ၃၀၀ ထဲ ဖြစ်နေတာမျိုးပေါ့။ ဘယ်လို ပြောမလဲ.. Layoutတွေ formatting တွေ အကုန် လွဲနေမှာပါပဲ။

ဒါ့ကြောင့် Word နဲ့ ရိုက်တဲ့ document များမှာ စက်တစ်လုံးနှင့် စက်တစ်လုံးအကြား  soft copy ပေးတဲ့ အခါ အထူး သတိထားရပါတယ်။ အခြေအနေ တစ်မျိုးမှာပဲ ၁၀၀% ဝစ်ဇီးဝစ် ဖြစ်နိုင်ပါတယ်။ ပေးမည့်စက်နှင့် ယူမည့်စက် ၂လုံးစလုံးမှာ သုံးတဲ့ ဖောင့်တွေ တူမည်။ သုံးသည့် template တူမည် ဆိုရင်ပေါ့လေ။ (* Microsoft Word က ထုတ်ပေးထားတဲ့ ဒီ vanilla Normal Template သာ ချွတ်စွတ် တူနိုင်ပါတယ်။)  သုံးတဲ့ဖောင့်ချင်း တူအောင်ကတော့ ကိုယ်သုံးလိုက်တဲ့ဖောင့်ကို ပို့မည့် soft copy document ဖိုင်အထဲမှာ သွတ်သွင်း (embed fonts) လိုက်ခြင်းအားဖြင့် ပြေလည်ပါတယ်။ (ဖိုင်ဆိုဒ်တော့ အထိုက်အလျောက် ကြီးသွားပါမယ်။ ဖောင့်ပါ ထည့်လိုက်တာကိုး။ )

ပေးတဲ့သူက ဘယ်လောက် အပင်ပန်းခံပြီး အလှအပ ဖော်မက်တွေနဲ့ တန်ဆာဆင်ထားပါစေ။ ယူတဲ့သူဘက်မှာ တူညီသော Template မရှိရင် အလကားပါပဲ။ ဒါကြောင့်လည်း ဖိုင်တွေ ဝေမျှတဲ့အခါ ဒီ  Word ဖိုင် နဲ့ ဝေတဲ့အစား ပိုပြီး WYSIWYG ဖြစ်တဲ့ fixed document format တွေ (ဥပမာ။ pdf ) နဲ့ ဝေမျှကြတာပါ။ Microsoft Word နဲ့ ပတ်သက်လာလျင် ဒီ ဝစ်ဇီးဝစ် ကို ကျနော် နားလည်သလို မြန်မာမှုပြုပြီး မှတ်ထားတာ ရှိပါတယ်။ ဒါက ဘာလဲဆိုတော့…

ဝစ်ဇီးဝစ် (WYSIWYG) = "ငါ့လက်ထဲကလွတ်..ဗျွတ်"

လို့မှတ်ထားလေရဲ့…

ကိုယ်ပေးလိုက်တဲ့ soft copy ကို ယူသွားသူက နောင်မှ hard copy နဲ့လည်း မတူပါလားဆိုရင်... ဒါ ဝစ်ဇီးဝစ် (WYSIWYG) ပဲလေ..လို့ ပြောရမယ်လို့ ဆိုလိုတာပါဗျာ... :)

စာရှုသူအပေါင်း ကျန်းမာရွှင်လန်းပါစေ..

*** ငါ့လက်ထဲကလွတ် ဗျွတ်ဆိုတာ ဘယ်သူ ရီဂျစ်စတာလုပ်ထားပြီး ဘယ်ကဆင်းသက်လို့ ဘာကိစ္စမျိုးမှာ သုံးနှုန်းတာလဲတော့ သေချာမသိဘူး။ ဒီမှာ သုံးထဲ့လိုက်ပီ။ ဒီထက် သင့်တော်မည့် စကားလုံး ရှာမတွေ့လို့ပါ။ ရိုင်းတယ်ထင် ခွင့်လွှတ်ပါဗျိုးးးး :)

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား