Thursday, July 1, 2010

ကမ္ဘာပေါ်၌ရက်အရှည်ကြာဆုံးနှင့်အောင်မြင်ရန် အခက်ခဲဆုံးစာမေးပွဲကြီး

အခက်ခဲဆုံးစာမေးပွဲကြီးတွင် ပထမဆုံးအကြိမ်ဖြေဆို အောင်မြင်ခဲ့သော မင်းကွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ သည် ကမ္ဘာပေါ်တွင်စံချိန်များကို မှတ်တမ်းတင်ရေးသားသော ဂရင်းနစ်မှတ်တမ်းတွင် ဥာဏ်ရည်အကောင်းဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါသည်။..တဲ့...ဂုဏ်ယူစရာပဲနော်


ဂင်းနစ်စာအုပ် (မနည်းရှာရတယ်) Guinness book of world records Edition: 27 - 1988 - 694 pages
By Donald McFarlan, Norris McWhirter


စာအုပ်မှ ဖြတ်စလေးပါ အီးဘုတ်လေး ရရင် သိပ်ကောင်းမှာပဲ...


အောက်က ဝိကီပိဒိယက မှတ်တမ်းလေးပါ။
In 1985, the Guinness Book of Records recorded the sayadaw as a record holder in the Human memory category. The exact entry was: Human memory: Bhandanta Vicitsara (sic) recited 16,000 pages of Buddhist canonical text in Rangoon, Burma in May 1954. Rare instances of eidetic memory the ability to project and hence "usually" recall material are known to science .
Wiki လင့် http://en.wikipedia.org/wiki/Mingun_Sayadaw#Guinness_Record

*ကမ္ဘာပေါ်၌ရက်အရှည်ကြာဆုံးနှင့်အောင်မြင်ရန် အခက်ခဲဆုံးစာမေးပွဲကြီး*


from မပြီးဆုံးသောနေ့ရက်များကို ကျော်ဖြတ်ခြင်း by တောသားလေး

၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ထုတ် လျှပ်တစ်ပြက်သတင်းဂျာနယ်တွင် စာရေးသူ ဇေယျမြတ်ခိုင် ရေးသားထားသော မြန်မာပြည်တွင်သာမက ကမ္ဘာပေါ်၌ပါ ရက်အရှည်ကြာဆုံးနှင့် အောင်မြင်ရန်အခက်ခဲဆုံးဖြစ်သည့် တိပိဋကဓရ ရွေးချယ်ရေးစာမေးပွဲကြီး၏ ပြဋ္ဌာန်းကျမ်းစာများနှင့် ရရှိသည့်ဘွဲ့များအကြောင်းကို စာဖတ်သူ ဓမ္မမိတ်ဆွေသူတော်ကောင်းများ သိရှိစေရန်အလို့ငှာ ကျွန်တော် ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါတယ်။

ဆောင်းပါးမူရင်းမှာ-

မြန်မာနိုင်ငံတွင် (၆၂)ကြိမ်မြောက် ကျင်းပခဲ့သည့် စာမေးပွဲတွင် ယနေ့(၂ဝ၁ဝ)အထိ တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ အောင်မြင်သည့် ဆရာတော်များမှာ (၁၂)ပါးမျှသာ ရှိသေးသည့်အတွက်ကြောင့်လည်း ဖြစ်သည်။ ဘုရားဟော ဗုဒ္ဓဝစနပါဠိတော်သည် စာအုပ်ရေအားဖြင့် (၄ဝ)၊ ကျမ်းပေါင်း(၅၄)ကျမ်း၊ စာမျက်နှာအားဖြင့် (၁၆၇၅၅)မျက်နှာရှိ၍ အဋ္ဌကထာ(၅၁)အုပ်၊ ဋီကာ(၂၆)အုပ် ရှိရာ တိပိဋကဓရရွေးချယ်ရေးစာမေးပွဲကြီးနှင့်ကျမ်းအစုံ(၄ဝ)လုံးပြ ဋ္ဌာန်းထားသော်လည်း သင်ရိုးပိဋကတ် (၃)ပုံကိုသာ အများအားဖြင့်ပြန်ဆိုကြ၊ ဖြေဆိုကြပါသည်။

သင်ရိုးပိဋကတ်(၃)ပုံမှာ-
(၁) ပါဠိတော်(၅)ကျမ်း၊ အုပ်ရေ(၅)အုပ်၊ စာမျက်နှာ (၂၂၆ဝ)။
(၂) သုတ္တန္တာပိဋက ပါဠိတော်(၃)ကျမ်း၊ အုပ်ရေ(၃)အုပ်၊ စာမျက်နှာ(၇၇၉)။
(၃)အဘိဓမ္မာပိဋကပါဠိတော် ရှေ့ပိုင်း(၅)ကျမ်း၊ အုပ်ရေ(၄)အုပ်၊ စာမျက်နှာ(၁၃၉ဝ)၊ ပါဠိတော်နောက်ပိုင်း(၂)ကျမ်း၊ အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)

အားလုံးပေါင်းအုပ်ရေ(၂ဝ)၊ စာမျက်နှာ(၈ဝ၂၆)ရှိ ပါဠိတော်ကြီးများကို အာဂုံပြန်ဆိုအောင်မြင်ပါက 'တိပိဋကဓရ' ဘွဲ့ကို ရရှိ၍ ၎င်းပါဠိတော်အသီးသီး၏ အဖွင့်ဖြစ်သော အဋ္ဌကထာ၊ ဋီကာ၊ မူလဋီကာ၊ အနုဋီကာ၊ ယောဇနာ၊ ဂဏဂဏ္ဌိစသော ကျမ်းများလာ အဓိပ္ပာယ်များကို သဘော ရေးဖြေအောင်မြင်ပါက 'တိပိဋက ကောဝိဒ' ဘွဲ့ကို ရရှိပါသည်။

ထိုတွင် (၁) ဝိနယပိဋက၌
(၁) ပါရာဇိကဏ်ပါဠိတော် စာမျက်နှာ(၃၈၁)၊ (၂)ပါစိတ္တိယပါဠိတော်စာမျက်နှာ(၄၇ဝ)။
အားလုံးပေါင်း (၈၅၁)မျက်နှာကို ပြန်ဆို အောင်မြင်ပါက 'ဥဘတောဝိဘင်္ဂဓရ' ဘွဲ့ရရှိပါသည်။

ဆက်လက်၍ (၃)မဟာဝဂ္ဂပါဠိတော် စာမျက်နှာ(၅၁၁)၊ (၄)စူဠဝဂ္ဂါ ပါဠိတော်စာမျက်နှာ(၅ဝ၈)၊ (၅)ပရိဝါပါဠိတော် စာမျက်နှာ(၃၉ဝ)။ အားလုံးပေါင်း (၁၄ဝ၉)မျက်နှာကို ဖြေဆိုအောင်မြင်ပါက 'ဝိနယဓရ'ဘွဲ့ကိုရရှိပါသည်။ ယင်းပါဠိတော်များ၏ အဖွင့်ဖြစ်သော (၁)ပါရာဇိကဏ်အဋ္ဌကထာ၊ (၂)ပါစိတျာဒိ အဋ္ဌကထာ၊ (၃)စူဠဝဂ္ဂဒိအဋ္ဌကထာ၊ အားလုံးပေါင်း စာမျက်နှာ(၁၃၆ဝ)။ သာရတ္တဋီကာ၊ ဝိမတိဋီကာ၊ ဝဇိရဗုဒ္ဓိဋီကာ၊ အားလုံးပေါင်းဋီကာစာမျက်နှာ (၂၇၁၁)၊ ယောဇနာစာမျက်နှာ (၆၅၅)လာ သဘောအဓိပ္ပာယ်များနှင့် နိဿယဘာသာဋီကာ ကျမ်းများလာ အဓိပ္ပာယ်များ၏ထက်ဝက်ခန့်ကို ဖြေဆိုအောင်မြင်ပါက ဝိနည်းရှေ့ပိုင်းရေးဖြေ အောင်မြင်သဖြင့် 'ဥဘတောဝိဘင်္ဂကောဝိဒ' ဘွဲရရှိပါသည်။

အလုံးစုံအောင်မြင်ပါက ဝိနည်းနောက်ပိုင်းပါ ရေးဖြေအောင်မြင်သဖြင့် 'ဝိနယကောဝိဒ'ဘွဲ့ကိုရရှိပါသည်။

(၂) သုတ္တန္တပိဋကတ်၌ ဒီဃနိကာယ်(၃)ကျမ်း၊ (၃)အုပ်၊ စာမျက်နှာ(၇၇၉)၊ အာဂုံပြန်ဆို အောင်မြင်ပါက ပိဋကတစ်ပုံအောင် 'ဒီဃဘာဏက'ဘွဲ့ကို ရရှိပါသည်။ ယင်းပါဠိတော်၏ အဖွင့် အဋ္ဌကထာ(၃)အုပ်၊ စာမျက်နှာ(၉၉၂)မျက်နှာ။ ဋီကာ(၅)အုပ်၊ စာမျက်နှာ(၁၉၉၂) မျက်နှာလာ အဓိပ္ပာယ်များကို ဖြေဆိုအောင်မြင်ပါက ပိဋကတစ်ပုံရေးဖြေအောင် 'ဒီဃနိကာယကောဝိဒ'ဘွဲ့ကို ရရှိပါသည်။

(၃) အဘိဓမ္မာပိဋက၌ အဘိဓမ္မာရှေ့ပိုင်း(၅)ကျမ်း၊ ပါဠိတော်အုပ်ရေ(၅)အုပ်၊ စာမျက်နှာ(၁၃၉ဝ) ကိုပြန်ဆိုအောင်မြင်ပါက 'မူလအာဘိဓမ္မိက'ဘွဲ့ကိုရရှိပါသည်။ အဘိဓမ္မာ နောက်ပိုင်း(၂)ကျမ်း၊ ပါဠိတော်အုပ်ရေ(၈)အုပ်၊ စာမျက်နှာ(၃၅၉၇)ကို ပြန်ဆိုအောင်မြင်ပါက 'အာဘိဓမ္မိက'ဘွဲ့ကို ရရှိပါသည်။ ယင်းပါဠိတော်တို့၏အဖွင့်ဖြစ်သော အဋ္ဌကထာ(၃)အုပ်၊ စာမျက်နှာ(၁၄၆၁)မျက်နှာ၊ မူလဋီကာအဋီကာ (၆)အုပ်၊ စာမျက်နှာ(၁၅၅၈)မျက်နှာလာ အဓိပ္ပာယ်များနှင့် ဂဏ္ဍိမရဘာသာ ဋီကာကျမ်းများလာ အဓိပ္ပာယ်များ၏ ထက်ဝက်ခန့်ကို ဖြေဆိုအောင်မြင်ပါက 'အဘိဓမ္မ ကောဝိဒ'ဘွဲ့ကို ရရှိပါသည်။

တိပိဋကစာမေးပွဲကြီး၌ အာဂုံပြန်ဆိုပွဲနှင့် သဘောရေးဖြေစာမေးပွဲ ဟူ၍ နှစ်ပိုင်းရှိရာ

(၁) အာဂုံပြန်ဆိုရာတွင် နံနက်ပိုင်း(၄)ကြိမ်၊ နေ့လယ်ပိုင်း(၅)ကြိမ်၊ ပေါင်းတစ်နေ့(၉)ကြိမ် ပြန်ဆိုရသည်။ တစ်ကြိမ်ကို (၂၅)မိနစ် တိတိပြန်ဆိုရ၍ (၁ဝ)မိနစ်နားပြီးက ဆက်ပြန်ရသည်။ နံနက်(၈)နာရီမှ(၁ဝ)နာရီအထိ လည်းကောင်း၊ နေ့လယ် (၁)နာရီမှ ညနေ(၄)နာရီအထိ လည်းကောင်း
ပြန်ဆိုရသည်။ တစ်နေ့လျှင် ပျမ်းမျှအားဖြင့် စာမျက်နှာ(၁ဝဝ)မှ(၁၅ဝ) ခန့်ပြန်ဆိုရသည်။ တစ်ရက်လုံး(၅)
ကြိမ်သာ ထောက်ရသည်။ (၅)ကြိမ်ထက်ပိုထောက်ရပါက ကျရှုံးပါသည်။ ကျမ်းတိုင်းတွင် အထောက်အမ လွတ်ကင်းသန့်ရှင်းစွာ ပြန်ဆိုနိုင်ပါက 'ဝိသိဋ္ဌ' ဟူသော ဂုဏ်ထူးတပ်၍ ဘွဲ့တံဆိပ်လှူဒါန်းသည်။

(၂) သဘောရေးဖြေ၌ (၁ဝဝ)မှတ်တန်(၁၂)ပုဒ်မေး၍ နှစ်သက်ရာ (၁ဝ)ပုဒ်ဖြေဆိုရသည်။ ဖြေဆိုချိန်မှာနေ့လယ် (၁၂)နာရီခွဲမှ ညနေ(၄)နာရီခွဲအထိဖြစ်သည်။ ကျမ်းတိုင်းတွင် (၇၅)မှတ်ရက သာမန်ရိုးရိုးအောင်၍ (၈၅)မှတ် အထက်ကိုရလျှင်ဖြစ်စေ၊ နေ့စဉ်အနည်းဆုံး (၈ဝ)မှတ်ရ၍ ပျမ်းမျှရာခိုင်နှုန်း(၉ဝ)ရလျှင်ဖြစ်စေ 'မဟာ' ဟူသောဂုဏ်ထူးဘွဲ့ကိုပေးအပ်ပါသည်။ ပိဋကတ်တစ်ခုပုံကို အာဂုံပြန်ဆိုအောင်မြင်က အရိုးနီကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးနီကနက္ကဒဏ် ထီးဖြူတော်နှစ်လက်၊ သုံးပုံလုံးပြန်ဆိုအောင်မြင်ပါက အရိုးနီကနက္ကဒဏ်ထီးဖြူတော် သုံးလက်တံဆိပ်ပါရှိသော သာသနာ့အောင်လံတော်နှင့် အောင်လက်မှတ်တို့ကို ဆက်ကပ်လှူဒါန်းခြင်းခံရသည်။

ပိဋကတ်တစ်ပုံကို သဘောရေးဖြေအောင်မြင်က အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တစ်လက်၊ နှစ်ပုံအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်နှစ်လက် တံဆိပ်ပါရှိသောသာသနာ့ အောင်လံတော်နှင့်အောင်လက်မှတ်၊ ကုန်းလမ်း၊ ရေလမ်း အထက်တန်း အခမဲ့ခရီးသွားလက်မှတ်နှင့် လစဉ်ဆွမ်းဆန်တော်အလှူအဖြစ် (နဝကမ္မဝတ္ထု)တို့ကို နိုင်ငံတော်အစိုးရက လှူဒါန်းပါသည်။ သုံးပုံလုံးရေးဖြေအောင်မြင်ပါက အရိုးဝါကနက္ကဒဏ် ထီးဖြူတော်တံဆိပ်သုံးလက်ပါရှိသော သာသနာ့အောင်လံတော်နှင့် တိပိဋကဓရ တိပိဋကကောဝိဒ အောင်လက်မှတ်၊ ကုန်းလမ်း၊ ရေလမ်း၊ လေလမ်း သုံးဌာနအခမဲ့ အထက်တန်း ခရီးသွားလက်
မှတ်နှင့်လစဉ် ဆွမ်းဆန်တော်တို့ကို နိုင်ငံတော်အစိုးရက ဆက်ကပ်လှူဒါန်းပါသည်။

တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ရရှိပြီး အနည်းဆုံး(၅)နှစ်ရှိလျှင် နိုင်ငံတော်မှ တိပိဋတိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းပါသည်။ ပိဋကတ်သုံးပုံနှုတ်ငုံပြန်ဆိုပွဲမှာ စာပြန်ရက် (၁၈)ရက်ရှိ၍ (၃)ရက်ပြန်ဆို၊တစ်ရက်နားစနစ်ဖြင့် နားရက် (၆)ရက်ထည့်ပေါင်းက စာပြန်ရက်(၂၄)ရက်ရှိသည်။ ယင်းနေ့စဉ်ပြန်ဆိုမှု မှတ်တမ်းများကို စုပေါင်းစစ်ဆေး၍ အောင်စာရင်း ထုတ်ပြန်ခြင်း ပြုရန်နှစ်ရက်အချိန်ယူရသည်။ ထို့နောက် သဘောရေးဖြေစာမေးပွဲ (၅)ရက်နှင့် အဖြေလွှာစစ်ဆေး၊ အောင်စာရင်း
ထုတ်ခြင်း နှစ်ရက်ပေါင်းက စာမေးပွဲကျင်းပသည့်ရက် (၃၃)ရက်ကြာမြင့်သည့်အတွက် ကမ္ဘာပေါ်တွင် ရက်အကြာဆုံး စာမေးပွဲဟု ဆိုရမည်ဖြစ်သည်။

အထက်ပါ ပြဋ္ဌာန်းကျမ်းစာများကို အာဂုံဆောင်နိုင်ရန် သဘောရေးဖြေအောင်မြင်ရန်မှာ တော်ရုံတန်ရုံဇွဲလုံ့လဖြင့် မရနိုင်ပေ။ ကံကလည်းတက်၊ ဥာဏ်ကလည်းထက်၊ ဆန္ဒနှင့်ဝီရိယကလည်း သွက်၊ ကျန်းမာရေးနှင့် သမာဓိကလည်း မပျက်သော သာသနာ့အာဇာနည်များသာ ပြန်ဆိုဖြေဆိုနိုင်ပေသည်။ မြန်မာပြည်တွင် ပိဋက(၃)ပုံ နှုတ်ငုံဆောင်တော်မူနိုင်သော တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် အရှင်မြတ်များမှာ

(၁)မင်းကွန်း တိပိဋကဓရဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ၊
(၂)ပခုက္ကူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တနေမိန္ဒ၊
(၃)ပြည် တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တကောသလ္လ၊
(၄)ရန်ကုန် တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သုမင်္ဂလာလင်္ကာရ၊
(၅)ယော တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊
(၆)ရေစကြို တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊
(၇)မော်ကွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ သီလက္ဓန္ဓာဘိဝံသ၊
(၈) မြင်းမူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ၊
(၉) မြင်းခြံ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တမာလာလင်္ကာရ၊
(၁ဝ) မြိုင် တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တသုန္ဒရ၊
(၁၁)ရမ္မာဝတီ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဣန္ဒပါလ၊
(၁၂)စစ်ကိုင်း တိပိဋကဓရ ဆရာတော် အရှင်အဘိဇာတာဘိဝံသတို့သာ (၆၂) ကြိမ်မြောက် စာမေးပွဲအထိတွင် (၁၂)ပါးသာ ရရှိတော်မူခဲ့ခြင်းဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

ဇေယျာမြတ်ခိုင်

(တိပိဋကယောဆရာတော်နှင့် တိပိဋကစာမေးပွဲအကြောင်းစာအုပ်အား မှီငြမ်းပူဇော်ရေးသားသည်။)

************************************************************************
တိပိဋကရွေးချယ်ရေးစာမေးပွဲကြီး၏ ခက်ခဲပြီး အံ့မခန်းစရာအဆင့်ဆင့်ဖြေဆိုရတာကို ဖတ်လိုက်ရခြင်းဖြင့် ကျွန်တော်တို့ ဖြေဆိုနေရတဲ့စာမေးပွဲတွေရဲ့ ခက်ခဲမှုတွေဆိုတာ ဘယ်လိုမှ ပြောပလောက်စရာမရှိဘူးဆိုတာ သိရှိလိုက်ရပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားတော်များဟာ ခက်ခဲနက်နဲပြီး တကယ့်ကိုစစ်မှန်တဲ့အတွက် ဘယ်အရာမှတုနှိုင်းလို့ မရဘူးပါဗျာ။
မနှိုင်းလည်းမနှိုင်းယှဉ်ထိုက်ပါဘူး။ အဲဒီလို အခက်ခဲဆုံးစာမေးပွဲကြီးတွင် ပထမဆုံးအကြိမ်ဖြေဆို အောင်မြင်ခဲ့သော မင်းကွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ သည် ကမ္ဘာပေါ်တွင်စံချိန်များကို မှတ်တမ်းတင်ရေးသားသော ဂင်းနစ်မှတ်တမ်းတွင် ဥာဏ်ရည်အကောင်းဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါသည်။

ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့အသိပညာများတိုးပွားပါစေ။
Source: http://www.futurelife29.com/2010/02/blog-post_21.html


ကုမုဒြာ၏ ကွန်းမန့်မှာ--
အလွန်ခက်ခဲတဲ့စာမေးပွဲပါ
အာဂုံထက် ရေးဖြေမှာပိုခက်ပါတယ် ဥဘတောဝိဘင်္ဂကောဝိဒအောင်တဲ့ သံဃာတော်အရေအတွက်ဟာ တစ်နှစ်တစ်နှစ်ကို 10 ပါးလောက်ပဲရှိပါတယ်
12 ပါးမြောက် တိပိဋကဆရာတော်ဆိုရင် ဘွဲ့ပေါင်း 40လောက်ရရှိထားတဲ့ဆရာတော်ဖြစ်ပါတယ်
သက်တော်အားဖြင့် 40ကျော်ကျော်ပဲရှိပါသေးတယ် စစ်ကိုင်းသုဗောဓာရုံမှာ သီတင်းသုံးပါတယ် ဘွဲ့တော်က အရှင် အဘိဇာတာဘိဝံသဖြစ်ပါတယ်

ရပါးမြောက်ဆရာတော် မောကျွန်းတိပိဋကဆရာတော်ဆိုရင် ပါဠိပါရဂူ 4ဘွဲ့ရထားပါတယ် မော်ကျွန်းဆရာတော်ဖြစ်ပါတယ် မော်ကွန်းမဟုတ်ပါဘူး
ဧရာဝတီတိုင်း မော်ကျွန်းမြို့ကဖြစ်ပါတယ်

9ပါးမြောက်ဆရာတော်ကတော့ အရှင် ဂန်ဓမာလာလင်္ကာရဖြစ်ပါတယ် အရှင် မာလာလင်္ကာရ၊မဟုတ်ပါဘူး ဆရာတော်ဆိုရင် တိပိဋကဓရ ဖြစ်ဖြစ်ခြင်း နောက်နှစ်မှာ နှစ်မခြားဘဲ တိပိဋကကောဝိဒစာမေးပွဲကို အောင်မြင်တဲ့ဆရာတော်ဖြစ်ပါတယ်။

၆)ရေစကြို တိပိဋကဓရ ဆရာတော်ဘဒ္ဒန္တဝါယာဓိန္ဒာဘိဝံသ၊ ဆိုရင် ကိုရင်ဘ၀နဲ့ ညောင်တုန်း ရွေဟင်္သာတောရမှာ နေစဉ် ဓမ်မာစရိယစာမေးပွဲကို တစ်နိုင်ငံလုံးပထမရပြီး အဂ်ဂမဟာအကျော်ဘွဲ့ကို ရထားပါတယ်။

(၅)ယော တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တသီရိန္ဒာဘိဝံသ၊ ဆရာတော်ဘုရားဟာ မန်းတလေး သကျသီဟ ရန်ကုန် စေတိယင်္ဂဏ ဘွဲ့များကိုရထားပြီး ဓမ်မာစရိယစာမေးပွဲကို တစ်နိုင်ငံလုံးပထမရပြီး အဂ်ဂမဟာအကျော်ဘွဲ့ကို ရထားပါတယ်။ ၀ိနည်းအလွန်လေးစားကာ ရဟန်းဖြစ်စ သက်တော် 20 ကပင် သက်သက်လွတ်ဘုဉ်းပေးပါတယ်။

ဆရာတော်များ၏ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်များကို ရှိခိုးလျက်...

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား