Wednesday, July 7, 2010

ရင်ခုန်သံ မှန်ပါစေ

ရင်ခုန်သံ မှန်ပါစေ

ပြီးခဲ့တဲ့ တနေ့ TV မှာ MRTV-4 က လာနေတဲ့ M.net Asian Music Awards ကို ကြည့်မိပါတယ်။ (ကြိုပြောမယ်နော်းးး Movie Review မဟုတ်ပါ။ :P)

အနုပညာသမားမဟုတ်တော့ ဆုရတာ ဘယ်သူတွေလဲ ပုတ်လောက်ရေးပြရင်တောင် ကျနော် မမှတ်မိပါဘူးဗျာ။ မျက်စိနောက်စရာကောင်းအောင် ပေါ့ပ်အဆိုတော်၊ ရော့အဆိုတော်၊ ဘာညာအဆိုတော်တွေ တစ်ဦးပြီး တစ်ဦး ဆုတက်ယူကြပါတယ်။ ထုံးစံအတိုင်း ဆုယူပီးရင် မိုက်ကိုင်ပီး တစ်ခုခုပြောကြတာပေါ့ဗျာ။ ရင်ခုန်သံလေးတွေ အသီးသီးပေါ့။ ရင်ခုန်သံဆိုတော့ အသီးသီး အသက ကိုယ့်ရင်တွင်းဖြစ်ပဲ။ အကြောင်းအရာခြင်းသာ တူမယ် တင်ပြပုံ ရင်ခုန်သံခြင်းကတော့ မတူကြပါဘူး။

ဒီဆုကို ရဘို့ အိမ်မက်တောင်မမက်ခဲ့ဘူး။
ဒီဆုကို ရလို့ အရမ်းပျော်ပါတယ်။
ဒီဆုကို ရဘို့ ကြိုးစားခဲ့တာ ၂၅နှစ်ရှိပီ။
ဒီဆုကို ရဘို့ ကြိုးစားရကြိုးနပ်ပါတယ်။ ..

အစုံပါပဲဗျာ... ရင်တွင်းကလာတဲ့ ရင်ခုန်သံတွေ။ သူတို့ကို ရင်ခုန်သံလေးတွေ ဘာလို့ ပြောခိုင်းလဲ...ရှင်းပါတယ်။ ပရိသတ်ကြီးကို ဒီရင်ခုန်သံလေးတွေ မျှဝေခံစားစေချင်လို့ပေါ့။ ကြားရတဲ့ ပရိသတ်မှာ အပျော်တွေ ကူးစက်တာပေါ့ဗျာ။

ဒါနဲ့ပဲ တိုက်တိုက်ဆိုင်ဆိုင် TVလာတဲ့ အခြားအစီအစဉ်တွေက ရင်ခုန်သံတွေ အကြောင်း သတိရမိပါတယ်။ "ဆိုကြမယ်၊ ပျော်ကြမယ်" တို့ "ပဟေဠိနန်းတော်" တို့က အစ "တက်သစ်လွင်ပြင်"အဆုံး အားလုံးပေါ့ဗျာ။ အစီအစဉ်အပြီးမှာ ဆုပေးစမြဲ။ အကောင်းတွေထဲက အကောင်းဆုံးကို.. ဒါမှမဟုတ် အနူတောက လူချော တစ်ယောက်ယောက်ကို.. ပေးတော့ပေးရတာပဲ မို့လား။ ထုံးစံအတိုင်း ဆုပေးပြီးရင် မိုက်ကမ်းပေးပြီး ပြောခိုင်းတာပဲ တစ်ခုခု။ မိတ်ဆွေ ဘာကြားရသလဲ။ တကယ်ပါ။ ရင်ခုန်သံ စစ်စစ် ကြားရခဲတယ်နော်။

ကြားချင်တာက ရင်ခုန်သံ ...
တကယ်ကြားရတာက ကျေးဇူးတင်စကား... အမိအဖကို ကျေးဇူးတင်တာကတော့ ထားပါတော့ (ပြောမယ်ဆို ဒါက အချိန်ပြည့် တင်နေသင့်တာလေ) အခုဟာက ဟိုး စကြာဝတေးမင်း အစချီလို့ ကျေးဇူးတင်လာလိုက်တာ ဒိုင်လူကြီးအဆုံး စပွန်ဆာကုမ္ပဏီ၊ တီးခတ်ပေးနေသူကော ပရိသတ်ကိုပါမကျန် ကျေးဇူးတွေ စွတ်တင်နေတော့တာပဲဗျိုးးး

ပြီးတော့ ရင်ခုန်သံ အစား ကျေးဇူးတင်စကားကို အရိုးစွဲနေတော့ အရှေ့က တစ်ယောက်က ကျေးဇူးတင်ပြီးရင် နောက်က ပြောမယ့်တစ်ယောက်က ဘယ်လို ကျေးဇူးတင်စကား ပြောရမယ် မသိတော့ မျက်နှာက ငြိုချင်ချင်။ မပြောရသေးခင် ကျေးဇူးတင်စကား နောက်ဗျားရှင်းတစ်မျိုးကို အသည်းအသန် စဉ်းစားနေတဲ့ မျက်နှာမျိုးပေါ့။ အာဝဇ္ဇန်းမရွှင်တဲ့သူဆို အရင်လူပြောသလို လိုက် အထစ်၊ အထစ်နဲ့ ပြောကုန်တာပဲ။

ရင်ခုန်သံအစား ကျေးဇူးတင်စကားပဲပြောရမယ်လို့ ဘယ်ခေတ်က စဖြစ်သွားသလဲတော့ အမှတ်မရဘူးဗျာ။ ဒါပေမယ့် ကျနော်တို့လို ပရိသတ် တကယ်တမ်း ကြားချင်တာက ရင်ခုန်သံပဲဆိုတာ ဆုကြီးရှင်တို့ သိစမ်းစေချင်ပါတယ်။

ကျေးဇူးပြု၍ ရင်ခုန်သံစစ်စစ်လေးတွေ မျှဝေကြပါလားလို့...

1 comment :

  1. မှန်လိုက်တာရှင်..ဆုရလို့ရင်ခုန်သံကြားချင်ပါတယ်ဆိုမှ "ဆိုကြမယ်..ပျော်ကြမယ်" မှာ ဆုရတဲ့ သူများဆို ပိုဆိုးကျေးဇူးတင်စကားပြောလိုက်တာ လူတွေကို ကုန်ရော။ ဘယ်နဲ့ ဆုရလို့ ရင်တွင်းက ရင်တွင်းဖြစ် စကားလေးကြားချင်ပါတယ်ဆိုမှ... အကယ်ဒမီဆုပေးပွဲမှာလဲဒီအတိုင်းပဲ။ နဂိုကမှ ကြေငြာတွေခြားဖြတ်ဝင်လို့ စိတ်တိုရတဲ့အထဲ ဒင်းက ကျေးဇူးတင် စကားတွေပြောလိုက်တာ မပြီးဘူး.... ခဲနဲ့သာ ပြေးပြေးပြီးပေါက်ချင်တယ်ဗမာပြည်မှာက ဒါလိုလုပ်ရမယ်လို့ အရိုးစွဲနေပြီထင်ပါတယ်ကိုဧသိမ်းရေ...:P

    ReplyDelete

ကွန်းမန့်လေး ထားခဲ့ပါလား