Friday, January 1, 2010

Email Message Disclaimer မိမိ၏ မက်ဆေ့ဂ်ျကို ဖြန့်ဝေပါက ဥပဒေအရ အရေးယူမည်ဆိုသော…

Eleven Media Logo
Eleven Media က ရလာတဲ့ သတင်းလေး ဝေမျှပါတယ်။

အီးမေးလ် အသုံးပြုသူအချို့ မိမိတို့ပို့သောမေးလ်ကို ဖြန့်ဝေပါက ဥပဒေအရ အရေးယူမည်ဆိုသော စာကိုပါ တွဲပို့လာ၊ ဆိုက်ဘာ အသရေဖျက်မှုများသည် ယခင်က အနုပညာ အသိုင်းအ၀ိုင်းတွင်သာ များပြားခဲ့သော်လည်း ယခုအခါ စီးပွားရေး၊ လူမှုရေးနယ်ပယ်ထိ ကျယ်ပြန့်စွာရိုက်ခတ်လာ

source: http://www.news-eleven.com/index.php?option=com_content&view=article&id=1212:2009-12-30-04-52-27&catid=42:2009-11-10-07-36-59&Itemid=112






241(3).jpgယခုအခါ အင်တာနက်မှအီးမေးလ် အသုံးပြုသူအချို့ မိမိတို့ပို့သော မေးလ်အား လက်ခံသူက အခြားသူများသို့ ထပ်ဆင့်ဖြန့်ဝေပါက ဥပဒေအရ အရေးယူမည်ဆိုသော စာ ကို မေးလ်နှင့်အတူ တွဲပို့လာကြကြောင်းနှင့် ဆိုက်ဘာအသရေဖျက်မှုများသည် ယခင်က အနုပညာရှင်များ အသိုင်းအ၀ိုင်းတွင်သာ များပြားခဲ့သော်လည်း ယခုအခါ စီးပွားရေး၊ လူမှုရေးနယ်ပယ်အထိပါ ကျယ်ပြန့်စွာရိုက် ခတ်လာပြီဖြစ်ကြောင်း အင်တာနက်အီး မေးလ် အသုံးပြုနေသူများထံမှ သတင်း ရရှိသည်။

အီးမေးလ် အသုံးပြုသူအချို့က ၄င်းတို့မေးလ်များအား မိတ်ဆွေ တစ်ဦးတစ်ယောက်ထံသို့ ပို့ရာတွင် ပို့သောမေးလ်၏ အောက်၌မှတ်ချက်အနေဖြင့် သတိပေးစာ ကိုပါတွဲပို့လာကြခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါသတိပေးစာတွင် ယခုပို့လိုက် သော မေးလ်အား မေးလ်ပို့သူ၏ ခွင့်ပြုချက် မရဘဲ တစ်စုံတစ်ယောက်ထံသို့ ထပ်မံဖြန့်ဝေမည်ဆိုပါက တည်ဆဲဥပဒေများအရ အရေးယူမည်ဟူသော စာသားကိုထည့်သွင်း ထားခြင်းဖြစ်ကြောင်း သိရသည်။

မိမိပို့သောမေးလ်နှင့်အတူ သတိပေးစာကိုပါတွဲ၍ ပေးပို့နေသူတစ်ဦးက ပြောကြားခဲ့ရာ''အခုချိန်မှာ တစ်ယောက်ပို့တဲ့ မေးလ်ကို ကျန်တစ်ယောက်က အယောက် ပေါင်းများစွာကို ဖြန့်ဝေတဲ့ Forward mail အရမ်းခေတ်စားနေတယ်။ အဲဒီထဲမှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြောင်းအရာ အစုံပါတယ်။ အဲဒီအကြောင်းအရာတွေထဲမှာမှ အဖွဲ့ အစည်းတစ်ခုခုကိုဖြစ်ဖြစ်၊ လူပုဂ္ဂိုလ် တစ်ဦးဦးကိုဖြစ်ဖြစ် ချီးကျူးတာ၊ အသရေဖျက်အောင် အပုပ်ချတာ (cyber defamation)ပါနေတယ်။ cyber defamation က ချီးကျူးတာထက် ပိုများတယ်။ ကိုယ်ကလည်း ကိုယ့် မိတ်ဆွေကို မေးလ်ပို့တော့မယ်ဆို ပို့တဲ့ မေးလ်ထဲမှာ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးတွေ ပါချင်ပါမယ်။ ဥပမာ ဆိုပါစို့ ကိုယ် ယုံကြည်ရတယ်ထင်လို့ မိတ်ဆွေ တစ်ဦးထံ မေးလ်တစ်စောင်ပို့တယ်။ ငါကတော့ဖြင့် မော်ဒယ်ကောင်မလေး တစ်ယောက်နဲ့ ဖြစ်နေတယ်။ အခု အဲဒီကောင်မလေးနဲ့ လွန်ကျူးမိသွား ပြီလို့အစရှိသဖြင့် ကိုယ်ပို့တဲ့မေးလ် ထဲမှာပါနေတယ်။ အဲဒါကိုမိတ်ဆွေက ဖွတဲ့အနေနဲ့ သူ့အခြားမိတ်ဆွေတွေ ဆီလည်း Forward mail နဲ့ပို့လည်း ပို့လိုက်ရော ဟိုးလေးတကြော်ဖြစ်ပြီး ကိုယ်ပါ သိက္ခာကျနိုင်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ မေးလ်ပို့တော့မယ်ဆို ဘယ်လိုမေးလ်ပဲပို့ပို့ မေးလ်အောက်မှာ ကိုယ်မေးလ်ကို ဖြန့်ဝေရင် တည်ဆဲ ဥပဒေတွေအရ အရေးယူမယ်လို့တစ်ခါ တည်းတွဲပို့နေရတယ်'' ဟုဆိုပါသည်။

အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေအရ ပြစ်မှု မြောက်နေသော ဆိုက်ဘာအသရေ ဖျက်မှု (cyber defamation)များထဲ တွင် ယခုအခါ အနုပညာရှင်များဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေးဆိုင်ရာ အကြောင်းအရာ၊ လူမှုရေးဆိုင်ရာ အကြောင်းအရာများ ပါဝင်နေသည်ဖြစ်ပြီး ယခင်ကာလများကမူ အနုပညာ ရှင်များ၏ ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခကျ ဆင်းနိုင်သည့် အကြောင်းအရာများသာ ပိုမိုများပြားကြောင်း အင်တာနက် အသုံးပြုနေသူများထံမှ သိရသည်။

''တစ်ချို့ အနုပညာရှင်တွေရဲ့ ညစ်ညမ်းဗီဒီယိုလို့ ဆိုတာတွေကျ တော့ နိုင်ငံခြားကညစ်ညမ်းခွေထွေ ထဲက မြန်မာမော်ဒယ် အဆိုတော် မင်းသမီးနဲ့တူတဲ့ ရုပ်ရည်နဲ့ အကွက်တွေလောက်ကို တည်းဖြတ်ပြီးဖြန့်ဝေတယ်။ ပြီးရင် ခိုးပဲရိုက်ထားသလိုလို ဟန်းဖုန်းနဲ့ရိုက်လို့ပဲ ၀ါးသလိုလို ကွန် ပျူတာပညာနဲ့ ပြုပြင်ထားတယ်။ ဒီနေရာမှာ တချို့က စီးပွားရေးအရ ငွေလိုချင်လို့ လုပ်တာဖြစ်နိုင်သလို၊ လူမှုရေးအရ သိက္ခာကျ၊ နာမည်ပျက်အောင် လုပ်တာလည်း ဖြစ်နိုင်တယ်။ ဘယ်လိုပဲလုပ်လုပ် ဥပဒေအရအရေး ယူခံရနိုင်တယ်''ဟု BE(IT) ဘွဲ့ရ လူငယ်တစ်ဦးက သုံးသပ်ခဲ့သည်။

ထို့ပြင် ယခုလက်ရှိ၌ ခေတ်စားနေသော စီးပွားရေးဆိုင်ရာ အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ချင်းအား ၀က်ဘ်ဆိုက်ပေါ်မှ cyber defamation ပြုလုပ်ရာတွင် မဟုတ်မမှန် လုပ်ကြံထားသည့် စွပ်စွဲမှုများ၊ အသရေပျက်စေမှုများ၊ အပုပ်ချမှု များဖြစ်ကြောင်း အင်တာနက်ဝက်ဘ်ဆိုက် အသုံးပြုနေသူများထံမှ သိရ သည်။

လူမှုရေးဆိုင်ရာ ၀က်ဘ်ဆိုက် ပေါ်မှ cyber defamation ဆိုက်ဘာ အသရေဖျက်မှုများထဲတွင် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ လိပ်စာ၊ နာမည်၊ ဖုန်းနံပါတ် အတိအကျရေးကာ အဆိုပါပုဂ္ဂိုလ်မှာ မိန်းကလေးများ အား ကျူးလွန်သူဖြစ်ကြောင်း၊ ဗေဒင် ဆရာအချို့၏ မကောင်းကြောင်း၊ အဆိုပါ ဗေဒင်ဆရာအား သွားမေးပါက မိန်းကလေးများအား အသားယူခြင်း ခံရမည်ဟူ၍လည်းကောင်း၊ ဗေဒင် ဆရာနှင့်ဆိုင်သည့် အချက်အလက် များလည်းပါဝင်ကြောင်းသိရသည်။

အချို့ မိန်းကလေးများသည် ၄င်းတို့၏ သာမန်အလှဓာတ်ပုံများ အား ၀က်ဘ်ဆိုက်ပေါ်တင်မိရာမှ အခြားသော နိုင်ငံတကာမှ ညစ်ညမ်း ဓာတ်ပုံကိုယ်ထည်များနှင့် ဖြတ်ဆက်ကပ်ညှပ်လုပ်ကာ ညစ်ညမ်းဓာတ်ပုံများ အဖြစ်ဖန်တီးခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်းသိရသည်။ ၀က်ဘ်ဆိုက်ပေါ်မှ ဆယ်ကျော်သက်လူငယ်များ၏ ညစ်ညမ်းပုံဆန်ဆန် ဓာတ်ပုံများ အား အရှက်ကွဲစေရန် လိုက်လံဖြန့်ဝေမည် ဟု ခြိမ်းခြောက်ခံရသည့်ဖြစ်ရပ်များ လည်းရှိခဲ့ကြောင်း ကာယကံရှင်များနှင့် နီးစပ်ရာအသိုင်းအ၀ိုင်းမှ သိရသည်။

ယခုကဲ့သို့ အင်တာနက်ဝက်ဘ် ဆိုက်ပေါ်မှတစ်ဆင့် နယ်ပယ်အသီးသီး ရှိ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များအား ဆိုက်ဘာ အသရေဖျက်နေမှုများသည် အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေးဥပဒေအရ အရေးယူခံရနိုင် ကြောင်း၊ ညစ်ညမ်းသော ပြုလုပ်မှုများ နှင့်ပတ်သက်၍လည်း ပြစ်မှုဆိုင်ရာ ဥပဒေဖြင့် အရေးယူခံရနိုင်ကြောင်း၊ ညစ်ညမ်းသောဓာတ်ပုံ၊ ဗီဒီယိုတွင် အရွယ်မရောက်သေးသူ မိန်းကလေးများ အားအသုံးချမိပါက ကလေးသူငယ် ဥပဒေအရပါ အရေးယူခံရနိုင်ကြောင်း ဥပဒေပညာရှင်များက သတိပေး ပြော ကြားခဲ့သည်။

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာ ဆက် သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန၀န်ကြီးက ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီး ဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများ မှ ပုဂ္ဂိုလ်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အဖွဲ့ဝင်များ အဖြစ်လည်းကောင်းပါဝင်စေလျက် အီလက်ထရောနစ်ဆက်သွယ်ဆောင် ရွက်ရေးဗဟိုအဖွဲ့ကိုဖွဲ့စည်းရကြောင်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေအရ သိရသည်။

ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များ တွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာဆိုင်ရာကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ အပြည်ပြည် ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ကြီး ကြပ်ခြင်းနှင့် လမ်းညွှန်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဗဟိုအဖွဲ့သည် ဤ ဥပဒေပါ ကိစ္စရပ်များအလို့ငှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်နိုင် ရန်သင့်လျော်သော ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းရကြောင်း သိရသည်။

ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်သော အချက်အလက် အထောက်အထားများကို ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ဖော်ထုတ်ရယူခြင်း၊ ကြီးကြပ်မှုအဖွဲ့ သည်လိုအပ်ပါက မိမိ၏ လုပ်ငန်းတာ ၀န်နှင့် လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို အဖွဲ့ ဖွဲ့စည်း၍ဖြစ်စေ၊ ကျွမ်းကျင်သူတစ်ဦးဦး အားဖြစ်စေ ဗဟိုအဖွဲ့၏ သဘောတူ ညီချက်ဖြင့် လွှဲအပ်တာဝန်ပေးနိုင်ခြင်း တို့ ဆောင်ရွက်နိုင်ကြောင်း သိရှိရ သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား