Monday, January 25, 2010

ဈေးမှာဝယ်လို့ အလေးခိုးခံရင် ဈေးခေါင်းကို တိုင်လို့ရသေးတယ်။

အော်...။

ခေတ်ကြီး ပြောင်းလဲပုံများ ပြောပါတယ်။

အရင်တုံးက ဝယ်စရာ ခြမ်းစရာဆို ဈေးတွေမှာပဲ ဝယ်လေ့ရှိကြတယ်။ အခုလို ရှော့ပင်စင်တာတို့ ရှော့ပင်းမေားတို့ မိနီမားကက်တို့ စူပါမားကက်တို့ (ခေါ်ချင်သလိုသာခေါ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဈေးဆိုင်ကြီးတွေ မရှိသေးဘူး။ ဝယ်ခြမ်းရင်း တခုခု ပြဿနာရှိရင်၊ မပြေလည်ရင် ဈေးခေါင်း သွားတိုင်လို့ ရသေးတယ်။ အလေးခိုးခံရလား၊ ပိတ်စ ကိုက်လျော့ဖြတ်၊ စွေဖြတ်လိုက်လား ဘာဖြစ်ဖြစ် ဈေးခေါင်းကို တိုင်လို့ရသေးတယ်။ တိုင်လို့ကတော့ ဈေးခေါင်းက ပါဝါပြပီး အဲဒီဈေးသည်ကို ကိုင်ထဲ့လိုက်တာပဲ။ (ရေးနေရင်းက မဆီမဆိုင် ဟို ဆေးကောင်စီ ကိစ္စ သွား သတိရမိသေးဗျ။ အဟဲ...)

သူက ဈေးဝယ်တွေကိုထက် ဈေးသည်တွေအပေါ် အာဏာ ပိုထိရောက်တော့ ကိုင်မဲ့ကိုင် ဈေးသည်ကို ကိုင်တာ များသဗျ။ သူ့ ရုံးခန်းရှေ့က သမာဓိ ဆိုတဲ့ ချိန်ခွင်ကလည်း အကြီးကြီး၊ အလေးတွေကလည်း ဘယ်ဆိုင်မှာ ရှာဝယ်ထားမှန်းမသိတဲ့ ထူပိန်းနေတဲ့ ဟာတွေ။ အဲဒီ ချိန်ခွင်နဲ့ ဘာချိန်ချိန် အလျော့ပဲ ပြတယ်။

အားပါး...။

ဒီခေတ်တော့ ဟုတ်တော့ပါဘူးဗျာ။ ♪♪အားလုံးပြောင်းလဲသွားပီ♪♪ ဆိုသလို...။ အိမ်က မဒမ် ဧးသိမ်းလား။ ဈေးဝယ်ထွက်ပလားဆို။ မောင်ရေ ဒီနေ့တော့ ဂမုန်းဖူး ရှော့ပင်းမေားကို ပို့ပေးပါကွယ်။ မမ ဈေးဝယ်တုံး အဲဒီက ဂျေဒိုးနတ်မှာ စာဖတ်ပီး စောင့်နေ။ ကလေးတွေ ဘေးက ကစားကွင်းထဲသာ ထည့်ထားလိုက် ဆိုသကိုးဗျ။ အစစ အရာရာ အဆင်ပြေသဗျား။ အဲယားကွန်းလေးနဲ့ ညိမ့်နေတာပဲ။ ဒါမှလည်း ဝယ်သူ လာမှာကိုးဗျ။ ဝယ်စရာပစ္စည်းတွေကလည်း သူ့ အထုပ်နဲ့သူ ဈေးတွေ ကပ်ထားလို့ ဈေးမဆစ်ရပေမယ့် အဆင်ပြေတယ်။ ကောက်ထည့်လိုက်ရုံပဲ (ဆိုင်က ဈေးခြင်းထဲကို ပြောတာ..)။

အဆင်မပြေတာလေးတွေတော့ ရှိသဗျ။ ဥပမာ။ ။ (အလေးခိုးခံရလား ဘာလားတော့ မသိနိုင်ပါ။ ဘာကြောင့်လဲ ဆိုတော့ သူ့ရို့ဟာတွေက ဂရမ်တွေ ကီလိုတွေ ရှုပ်တာမှ အလေးချိန်ကို မမှန်းတတ်အောင်ပါ။) ပိတ်စ စွေဖြတ်ထဲ့လိုက်ကြောင်း အိမ်ရောက်မှ သိရင် ဘလို လုပ်မလဲ။ ဆေးဂဲလ် မှားတာကို မပြောဘူးနော်။ ဆေးဂဲလ် တွေကတော့ ကပ်စတန်မာက ကွန်းပလိန့်တက်ရင် အချိန်မရွေး အလုပ်ပြုတ်မှာ ကြောက်လို့ ဘသူ့ကိုမှ မလေးမစားမဆက်ဆံကြပါဘူး။ ပြောချင်တာက ဝယ်မိတဲ့ ပစ္စည်းက Expired ဖြစ်နေတာတို့၊ အိမ်ရောက်မှ ပျက်နေမှန်း သိရတာတို့ ဘလို လုပ်မလဲ။ သွားပြောလည်း ပြောပြောပါပဲ။ ပြန်လဲလို့ မရဘူးလို့ ပဲ ဖြေကြမှာပေါ့။ မကျေနပ်လို့ တိုင်မယ်လား။ သူ့အထက်အရာရှိပေါ့။ ကြုံဖူးပါရဲ့ဗျာ။ ဆက်တိုင်လည်း ဆေးဂဲလ် ကလေးမ အလုပ်ပြုတ်ရုံပဲရှိမှာ။ ကိုယ်ပိုင်အုပ်ချုပ်ရေးပါဆိုမှ ဘယ်ဈေးခေါင်းမှ မရှိ။ ရဲတိုင်ရအောင်လည်း မဖြစ်သေး။ ခက်ကရောဗျာ...။

ဒီတော့ ဘာလုပ်မလဲ။ ရှော့ပင်း...မေားပေါ့။ တစ်ခုခု ဝယ်ချင်လား။ ဝယ်ချင်တာ အဲ့လို ရှော့ပင်း ဆိုင်ကြီးတွေမှာ တမေား လျောက်ကြည့်။ ပီးရင် ဈေးထဲက ဆိုင်မှာ ဆစ်ပီးဝယ်။

ပြောရင်းက လိုရင်းကို မရောက်တော့ဘူး။ အဓိက ကျနော် ပြောချင်တာကဗျာ။ အင်တာနက်ထဲမှာ Surfing လုပ်တဲ့ ကိစ္စပေါ့။ အင်တာနက်ထဲက ဗာကျူရယ် လူသားတွေ ဘာလုပ်လဲ သိလား။ တွေ့တဲ့ ခလုတ် (button) နှိပ်၊ ကြိုက်ရာ လင့်က ပေ့ကို ဝင်ဖတ်။ သဘောကျတာတွေ့ရင် အဲ့ဒီဆိုက်မှာ တမေ့တမောဖတ်။ ငြောင်းပီလား။ တခြားဆိုက်ပြောင်း။ ဒါဟာ လူတယောက် မြို့ထဲမှာ လျောက်သွား၊ တွေ့တဲ့ဆိုင်၊ မျက်လှည့်ပွဲ ဝင်ကြည့်၊ လုပ်နေသလိုပဲဗျ။ ဘလော့ဂါတို့ ဆိုက်အုံနာတို့က ဈေးဆိုင်ရှင်တွေ လိုပေါ့ဗျာ။ ဆိုက်မှာ ဖွယ်ဖွယ်ရာရာ၊ လှလှပပ တင်ထားနိုင်အောင် ကြိုးစားရတာပေါ့။ ဒါမှ လူဝင်မှာကိုး။

မိတ်ဆွေကို ဆိုင်တစ်ဆိုင်က မတရား (ဆဲ၊ဆို၊လု၊ယက် etc..) လုပ်လိုက်တယ်ဆို ဘလို ပြန်လုပ်မလဲ။ လူသိအောင် အော်မယ်။ ရဲတိုင်မယ်။ ဈေးခေါင်းရှိ ဈေးခေါင်းတိုင်မယ်။ လုပ်မှာဟုတ်လား။ ဒီလိုပဲ အင်တာနက်ထဲမှာ သွားရင်း ဆိုက်တစ်ခုခုက ကိုယ့်ကို မတရား လုပ်လိုက်တယ်ဆိုရင် ဘာပြန်လုပ်မလဲ။ ဘာလုပ်ရမလဲ။ တိတ်တိတ်လေး ပြန်ထွက်ရုံပေါ့။ စီပုံးရှိ စီပုံးက အော်ပေါ့။ ဒါပဲလား မိတ်ဆွေ လုပ်နိုင်တာ။ ဟုတ်သေးဘူးဗျ။ ဈေးခေါင်းတို့ ရဲတို့ တိုင်သင့် တိုင်ပါဗျ။

ကဲ.. သိပီးပလားတော့ မသိဘူး။ ကျနော်တော့ အင်တာနက်ထဲက ဈေးခေါင်းကြီး တွေ့ထားတယ်။

မစ္စတာ ဂူးဂယ် (Google) တဲ့။ သူက သူ့ဈေးထဲက ဆိုင်တွေ (အတော်များသားဗျ။ အဓိက ဘလော့တွေပေါ့။) ကို အုပ်ချုပ်တယ်။ ဝင်လာတဲ့ သူတွေကို ဘလော့ဂါတွေ၊ ဘလော့တွေကနေ လူမျိုးရေး၊ မျိုးနွယ်စုရေး၊ ဘာသာရေး၊ လိင်၊ အသက်၊ သက်သက်လွတ်စားခြင်း ဘာခြင်း၊ လိင်ကိစ္စဆွဲဆောင်ခြင်း* စတာတွေနဲ့ ပတ်သက်ပြီး စော်ကားမော်ကား အပြုမူခံရရင် တိုင်ကြားနိုင်တယ်။ အဲဒါတွေ ဈေးခေါင်းကြီးက တားမြစ်ထားတယ်ဗျ။ တားမြစ်ပါရက်နဲ့ စော်ကားလိုက်ရင် ဈေးခေါင်းကြီး အဲဒီဆိုင်ကို ချိတ်ပိတ်ပစ်မှာ...။

ဥပမာ။ ။ ကျနော် http://messengerforbuddhist.blogspot.com/ ဝင်ဖတ်တော့ ကိုယ့်ကို ဘာသာရေးဆိုင်ရာ စော်ကားလိုက်တယ်ဗျာ။ ကျနော် အရမ်းစိတ်ဆိုးတယ်။ ဒီတော့ ဂူးဂဲယ်ရဲ့ ရုံးခန်း http://www.google.com/support/blogger/bin/request.py?contact_type=h... ကို သွားတယ်။ ပြီးတော့ ရုံးခန်းထဲက Report Hate Speech on Blogger ဆိုတဲ့ လင့်မှာ စော်ကားလိုက်တဲ့ စိုက်ရဲ့ လိပ်စာ ကို ဖြည့်ပေးခဲ့တယ်။ ဘာမှ မလိုဘူး တိုင်တာ ဘသူဆိုတာ အကောင့်ကြည့်ပီး ရုံးခန်းထဲ ဝင်လာကတည်းက ဈေးခေါင်းကြီးက သိနေပီ။

ဈေးခေါင်းကြီး အဲဒီဆိုင်မျိုးကို ချိတ်ပိတ်ပစ်ဘို့ ကျနော့်လိုမျိုး တိုင်တဲ့သူများဘို့ လိုတယ်။

ကျနော့်လိုပဲ အစော်ကားခံရရင် ငြိမ်မနေပဲ တိုင်ကြားနိုင်ဘို့၊ လူတိုင်း မိမိ၏ အခွင့်အရေးကို ထိထိမိမိ အသုံးချနိုင်ပါစေ ဆုတောင်းရင်း ဗဟုသုတ မျှဝေလိုက်ပါတယ်။

* While Blogger values and safeguards political and social commentary, material that promotes hatred toward groups based on race or ethnic origin, religion, disability, gender, age, veteran status, or sexual orientation/gender identity is not allowed on Blogger.

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား