မနေ့က ကြည့်မိတဲ့ ရုပ်ရှင်ကား "Up in the Air"က ပေးတဲ့ အသိသညာလေးတစ်ခုပါ။
မေးခွန်းက "သင့်ကျောပိုးအိတ်ထဲမှာ ဘာတွေ ထဲ့ထားသလဲ?" တဲ့...
ထိုရုပ်ရှင်က ရုပ်ရှင်ကြည့်ပရိသတ်အား "ကျောပိုးအိတ်ထဲ ထည့်ထားတဲ့ အရာတွေနဲ့ ပတ်သက်ပီး စဉ်းစားစရာလေး တစ်ခု" ကို ခေါင်းစားအောင် တင်ပြထားပါတယ်။
"ဘဝ" ဆိုတာ ခရီးတစ်ခု ဖြစ်ပါတယ်။ လူတွေဟာ ဘဝခရီးသွားများ ဖြစ်ပါတယ်။ သို့ပေမင့် လူတွေဟာ ဘဝတစ်သက်တာစာ ပိုင်ဆိုင်မှု ပစ္စည်းကိရိယာစုံစီနဖာတွေ၊ လူအချင်းချင်းချည်နှောင်မှု့တွေ တနင့်တပိုးကို ကျောပိုးအိတ်များထဲထည့်ကာ ဘဝခရီးကို ဖြည်းလေးစွာ လျောက်နေကြသူများ ဖြစ်ကြပါတယ်။ ခရီးသွား တစ်ယောက်အနေနဲ့ ဒီလောက်ကြီး များများစားစား ထည့်ထားတာဟာ ဘဝခရီးစဉ်ကို နှောင့်နှေးစေတာပါပဲ။ ကိုယ်သယ်ဆောင်မည့် ကျောပိုးအိတ်ထဲ ပေါ့ပေါ့ထဲ့မလား၊ လေးလေးထည့်မလားဆိုတာ ခရီးသွားတစ်ဦးအနေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိပါတယ်...။
နောက်ပီး ကိုယ်ကြိုက်တာ၊ လိုအပ်တာလောက်ပဲ ထည့်ဖို့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရှိပါတယ်။ လူဆိုတာက သေမျိုးပါ။ တစ်နေ့ မုချ သေရမှာပါ။ မသေခင် စပ်ကြား ဘဝခရီးမှာ ဘယ်လိုသွားမလဲ (ပေါ့ပေါ့ပါးပါးပျော်ရွှင်စွာသွားလိုလား။ လေးလေးပင်ပင်နဲ့ မောကြီးပန်းကြီး သွားလိုလား) ဆိုတာ ကို ပုစ္ဆာတစ်ပုဒ်အဖြစ် မီးမောင်းထိုးပြထားပါတယ်။
နမူနာအဖြစ် ကျောပိုးအိတ် နှစ်လုံး သရုပ်ဖော်ပါတယ်။
ပထမ တစ်လုံးထဲမှာ ကိုယ်ပိုင် ပစ္စည်းတွေ ထည့်ထားတယ်လို့ ခံစားကြည့်စေပါတယ်။
စုံစီနဖာ တိုလီမိုလီတွေ၊ စာအုပ်တွေ၊ စီဒီတွေ...ကားတွေ၊ အိမ်တွေ၊ မြေကွက်တွေ၊ တိုက်ခန်းတွေ စတဲ့ ပိုင်ဆိုင်မှု့တွေ အကုန်လုံးပေါ့။ ထည့်ပီးသယ်ကြည့်ပါ။ ခံစားကြည့်ရုံနဲ့ လေးပင်မှန်း သိသာပါလိမ့်မည်။ ကဲ.... အဲဒီအိတ်ကို မီးတင်ရှို့ကြည့်ပါ။ သင် ဘယ်လို ခံစားရမလဲ။ ဆုံးရှုံးကုန်ပီလို့ ခံစားရမလား။ အား...ပေါ့ပါးသွားပီလို့ ခံစားရမလား။ ခရီးသွား တစ်ဦး အနေနဲ့ ဆိုရင်တော့ ပေါ့သွားတာကို တကယ် ခံစားမိမှာပါပဲ...တဲ့။
ဒုတိယ တစ်လုံးထဲမှာ သင်သိသမျှ လူတွေ အကုန်ထည့်ကြည့်ပါ။ မရှိမဖြစ်တဲ့ သူငယ်ချင်းတွေ အရင်ထည့်ပါ။ ပီးတော့ အသိအကျွမ်းတွေ၊ မိဘဆွေမျိုးတွေ၊မိသားစုဝင်တွေ၊ ချစ်သူတွေ၊ အိမ်ထောင်ဖက်၊ သားသမီးတွေ အကုန်သာ ထည့်ပါ။ သူတို့တစ်ဦးချင်းအပေါ်ထားရတဲ့ တာဝန်၊ ဝတ္တရားတွေ၊ ကတိကဝတ်တွေ၊ စာချုပ်စာတမ်းတွေ၊ တစ်ဦးချင်းဆီပတ်သက်တဲ့ ကိန်းဂဏန်း၊ အချက်အလက် ဒေတာတွေ အကုန်ထည့်ပါ။ အတော် လေးပင်လွန်းပါတယ်တဲ့။ ပထမအိတ်ကို မီးတင်ရှို့လို့ ရကောင်းသော်လည်း ဒီအိတ်ကို မီးတင်ရှိ့ဖို့ မဖြစ်နိုင်ပါဘူးတဲ့။
လူဆိုတာ တိရစ္ဆာန်တွေလို အိပ်၊ စား၊ ကာမ ဤသုံးဝနှင့်တင် ပြီးနေလို့ မရပါဘူးတဲ့။ ဆိုလိုတာက ဘဝဟာ မိတ်လိုက်ဖို့ သက်သက်မဟုတ်သလို ရှိရှိသမျှ အရှုပ်ထုတ်တွေ အိတ်ထဲထည့် သယ်နေဖို့ မဟုတ်ဘူး..လို့ ဆိုပါတယ်။ဒီတော့...ဘာလုပ်ရမလဲ???
ရုပ်ရှင်ကတော့ ဒီပြဿနာကို ဖြေရှင်းချက် မပေးပဲနဲ့ အဆုံးသတ်သွားပါတယ်။ ကျန်တာ မိမိဘာသာ ဆက်စဉ်းစားစေချင်တဲ့ သဘောပါပဲ။
အားလုံး ဘာသာဝင်ဖြစ်စေ၊ ဘာသာမဲ့ ဖြစ်စေ ကိုယ်သန်ရာ ဆွဲတွေးဖို့ အတွေး လမ်းစ ဖွင့်ပေးလိုက်ပုံပေါ်ပါတယ်။ နယ်ကျွံတဲ့အတွေးတွေကို ပြန်ထိန်းလိုက်တာ တစ်ခုတော့ တွေ့ရပါတယ်။ ဒါက ကျောပိုးအိတ်က လေးလွန်းလှတယ်လို့ ခံစားမိလိုက်တဲ့ မင်္ဂလာဆောင်မည့်ဆဲဆဲ သူတစ်ဦး၏ အဖြစ်ပါ။ ကျောပိုးအိတ်ထဲ ဘာမှ မထည့်ချင်တော့တဲ့ သူတစ်ယောက်၏အဖြစ်ပါ။ အဲဒီလို ဘာမှ မထဲ့လို့တော့ မဖြစ်ပါဘူးတဲ့။ ဘဝခရီးကို သွားဖို့အတွက် ဘဝခရီးဖော်တစ်ဦးတော့ လိုကို လိုအပ်ပါတယ်....တဲ့။ ဇတ်ကားကြည့်ပီး အပျိုကြီးပဲလုပ်တော့မယ်လို့ မခံစားရအောင် ပြန်ဖြည်ထားတာပါပဲ။
မိတ်ဆွေကော... ဒီစာဖတ်ပီး အတွေးတွေပွား ဦးဏှောက်ချောက်နေပီလား။ ဘာပဲ ဖြစ်ဖြစ် တွေးစရာတစ်ခုကျန်မယ်.. ကိုယ် သက်ဝင်ယုံကြည်ရာ ဘာသာရေးနဲ့ ချိန်ထိုးကြည့်မယ် ဆိုရင်တောင် ခင်ဗျားအတွက် ကုသိုလ်များအောင် ကျနော် လုပ်လိုက်မိပြီပေါ့။ ရုပ်ရှင်ကတော့ ရှာပီးသာ ကြည့်ကြည့်လိုက်တော့နော်...
/ဧးသိမ်း/
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား