Monday, January 3, 2011

ဘူတာရုံနှင့် တူသော...

ဘူတာရုံတစ်ခုကို မြင်ယောင်ကြည့်ပါ။

ဘူတာထဲမှာ ခရီးသွားအုပ်စု သုံးလေးစုပါမယ်။
အခြားသော တသီးပုဂ္ဂလ ခရီးသည်တွေလည်း ပါမယ်။
ခရီးသွားအုပ်စုဆိုတာ ခရီးတစ်ခုကို အတိုင်းအတာတစ်ခုအထိ

လက်တွဲသွားဘို့ အုပ်စုဖွဲ့ ထွက်လာကြသူတွေပေါ့။

အဲ... ဘူတာရုံထဲမှာလည်း ဝင်ချည်ထွက်ချည် လုပ်နေတဲ့ သူတွေ၊
ကိုယ့်အကြောင်းနဲ့ကိုယ် ဝင်တဲ့သူ ဝင်၊ ထွက်တဲ့သူ ထွက် နဲ့
ပျားပန်းခတ် လှုပ်ရှား အသက်ဝင်နေမယ်ပေါ့။ မြင်ယောင်ကြည့်ပါဦး။

ခါတလေ ခရီးသွားအုပ်စု တစ်စုက ထွက်လာတဲ့ ဝေါကနဲ၊ စီကနဲ အသံတွေ...
ဘာအသံပါလိမ့်..အနားက ဖြတ်သွားဖြတ်လာတွေက စူးစမ်းမိတယ်။
အော်.. သူတို့ ပျော်နေကြတာပဲ...
စိတ်ဝင်စားတဲ့ သူတွေက ယောယောင်ပီး ရပ်ကြည့်တယ်။
အပျော်တွေ ကူးစက်သွားတာ လိုလိုလားလား လက်ခံလိုက်တယ်။

ဒါကို တချို့ မကြားချင်ယောင် ဆောင်လိုက်ကြတယ်။တချို့ နားမခံသာတဲ့ ခရီးသွားတွေလည်း ရှိတယ်။
နားမခံသာတဲ့ အဆုံး ထထွက်သွားကြတယ်။
နားအေးပီးရောပေါ့။ အေးရာအေးကြောင်း သွားရှာတယ်။

တချို့က အေးအေးဆေးဆေး မသွားဘူး။
နည်းနည်းလေးတော့ ဗျစ်တောက်တောက်လုပ်ရမှ ကျေနပ်တယ်။
"နင်တို့ကလည်းဟာ နည်းနည်းလောက် ကြည့်လုပ်ပါဦး
သူများအနှောက်အယှက်ဖြစ်တယ်" ဘာတယ်ပေါ့။

အပြောခံရတဲ့ "ခရီးသွား အုပ်စု" ထဲက တချို့ စိတ်ဆတ်တဲ့ သူတွေက

ခင်ဗျားက "ဘာမို့လား၊ ညာမို့လား" ပြန်ပြောကြ...။ ငြိကုန်ရော...။
လက်ပါလာရင် ပိုသာဆိုး။ ဆွဲကြပါဦး လွဲကြပါဦးနဲ့...။
လေပြေကလည်း တိုးတိုးလေး ဖြောင်းဖျတယ်။
"ခလုတ်လေးတိုက်ရုံနဲ့ ခရီးစဉ်ကြီး မဖျက်နဲ့။
ပြောမရဘူးလား ငါ နာဂစ်လုပ်ထဲ့လိုက်ရမလား"

ဒီလိုနဲ့ပဲ လွဲချော်ပီး ဦးတည်ရာ ခရီးတစ်ခုတောင်
ဖြောင့်ဖြောင့် မသွားနိုင်တဲ့ "အောင်ဖျာလိပ်"
အုပ်စုတွေလည်း ဘူတာရုံကြီးက တွေ့ခဲ့ရဘူးတယ်။

အဲ... ဘူတာရုံထဲမှာ တစ်ချို့ ခရီးသည်တွေက
ကိုယ့် ယုံကြည်ရာအလိုက် ဘုရားစာတွေ ရှစ်ခိုးနေကြ...။
ဗမာကလည်း ဗမာလို...။ တလုတ်ကလည်း တလုတ်လို။
ကုလားကလည်း ကုလားလိုပေါ့။ ဗမာက "သြကာသ၊ သြကာသ" ရွတ်တာကြားရင်

ကိစ္စမ၇ှိစကောင်းပေမယ့် ကုလားက ကုလားလို၊ တလုတ်က တလုတ်လို
ရွတ်နေရင်တော့ "လုပြောလာ ဝနားမီလည်၊ ဝပြောလာ လုနားမီလည်" ဖြစ်ကရော...။
တကယ်ပါ ကြာကြာကြားနေရရင် နားကလော လာကော...။
ချောင်းဟန့်သူဟန့် နှာချေသူချေ ဖြစ်ကုန်ရော...။

တချို့ ခရီးသွားတွေကျတော့ စကားစပ်မိပြီး
ဝါသနာတူချင်း ဝါသနာပါရာတွေ စကားလက်စုံကျကြ။

ဒီလိုပဲ စိတ်ဝင်စားတဲ့ သူက ဝင်နားထောင်ကြ၊
သဘောတူတဲ့ သူတွေက ထောက်ခံပါတယ်ဆို၊
သဘောမတူတဲ့ သူတွေက ဒါမျိုးတော့ လက်မခံဘူး ဆို၊

စိတ်မဝင်စားတဲ့သူက နားမထောင်ချင်ယောင်ဆောင်ကြ။
နားငြီးပေမယ့် ထသွားလို့ မရတဲ့ သူလည်း ရှိရဲ့။
ထရင် နေရာပျောက်မှာကိုး ဒီတော့ နားကို ဂွမ်းဆို့ထားလိုက်ကြ။
အိပ်ရင်လည်း အိပ်လိုက်ကြ။ မအိပ်လည်း အိပ်ချင်ယောင်ဆောင်လိုက်ကြ။

ဘူတာရဲကလည်း လူစုစုဆို ဝင်စပ်စုလိုက်ရပြန်။
"ဟ နိုင်ငံရေးတွေဆိုရင် ဒီမှာ လာမပြောနဲ့ဗျာ ကျုပ်က တာဝန်အရ ပြောရတာ"
အမှန်က သူ့တာဝန်ထဲ ဒါပါရဲ့လား သူကိုယ်တိုင်မသိ။
တချို့က မကြားတကြားဝင်ပြော "ပြုသူနဲ့ ခံရသူ နှစ်ဘက်မှာ...

ဘယ်ဘက်ကမှ မလိုက်ပဲ ကြားနေတာဟာ...
ပြုသူကို အားပေးအားမြှောက် ဘက်လိုက်တာပဲဗျ"

"ခင်ဗျားတို့ကဗျာ ခရီးသွားအချင်းချင်း သင့်မြတ်ကြပါဗျာ" ဆရာကြီးလုပ် ဝင်ပြော။
အမှန်က ဘယ်ကမ္ဘာက စပါလာတဲ့ ရန်ငြိုးရှိမှန်း ဘူတာရဲလည်း မသိနိုင်။

"ဆရာကြီးရယ် သ္မီးတို့က အုပ်စုလိုက်လေ...။ သွားမှာလည်း သီးသန့်တွဲနဲ့ပဲ။ ဘူတာမှာလည်း သီးသန့်ခန်းကနေ ရထားစောင့်လို့ ရမလား" တဲ့ စပ်စုလာ။ ရထားရဲကြီးလည်း သူသိတဲ့ သီးသန့်ခန်း လိုက်ရှာကြည့်ပေး။
"နှစ်ခန်းပဲ ရှိတယ် သ္မီးရယ် တခါတက် နှစ်ယောက်ပဲ ရမယ်"
"ဟွန်း ဦးလေးကြီးကလည်း သ္မီးတို့ ပြောတာ အဲ့ သီးသန့်ခန်း ဟုတ်ပါဝူး"
"ဟေ... ဟုတ်လား။ အဟီး သိပါဝူးကွယ်"
ဘူတာရဲ ဘယ်လို ဆရာကြီးလုပ်လုပ် ဝင်စပ်စုလည်း အချိန်တန်တော့

(ထ္မင်းစားဘို့) အစာရှာထွက်ရတာပဲ...။

ဒေါင့်တစ်နေရာမှာတော့
"သူ့မဆွဲနဲ့ ငါ့မဆွဲနဲ့" ဆိုပြီး၊ ကူဆွဲ ဖြန်ဖြေသူ မလာမချင်း၊
ရန်ဖြစ် နေကြတဲ့ တဘူတာဆင်း တဘူတာတက် ခရီးဆက်လို့ မဆုံးတဲ့
ခြေသလုံး အိမ်တိုင်သမားတွေလည်း ရှိရဲ့။
ဒီဘူတာမကောင်း နောက်ဘူတာပြောင်းပေါ့လေ...။

"ဘော်....ဘူ.....ဂျုံးဂျုံး ဂျက်ဂျက်" ရထားကြီး ဝင်လာ...။
အထုပ်အပိုး ကိုယ်စီ ကောက်လွယ်၊
ကိုယ်စီးရမည့် ရထားလာလို့ အလျှိုလျှို ထွက်ခွာကြတယ်။
ဘဝရထားတွေ လာပီဆိုရင်တော့ တက်စရာရှိတက်၊ ဆင်းစရာရှိ ဆင်းရမှာပဲ။
ရှဲကနဲ လူရှင်းသွားတဲ့ အခါမျိုး ရှိသလို ပွက်လောရိုက် ဆူညံနေတဲ့ အခါမျိုးလည်း
ရောက်လာလို့ ကြိုဆိုကြသလို၊ ခွဲခွာတော့မယ်ဆိုလို့ ဘိုင့်ဘိုင့်လုပ်နေကြသူတွေလည်း

ဘူတာရုံကြီးမှာ ကြုံတွေ့နေကျ။

"ခရီးသွားအားလုံး စိတ်ထားတတ်ရင် လောကကြီး အေးချမ်းမှာပဲ"
"ဒါ လူ့အခွင့်အရေးတို့၊ ကိုယ်ချင်းစာချင်းတို့၊
ဥပေက္ခာတရား မုဒိတာ တရားတို့နဲ့ ဆိုင်မလားမသိ" လို့ .....

ဘူတာရုံကြီးခင်ဗျာ သူတတ်သလောက် မှတ်သလောက် သူ့ဥာဏ်လေးနဲ့ စောကြောဝေဖန်မိ။
ပြက္ခဒိန်မှ နှစ်တွေသာ ပြောင်းသွားရော
တစ်နေ့ တစ်မျိုး ပဋိစ္စသမုပ္ပဒ်စက်ကွင်းက မလွတ်နိုင်ကြသေးတဲ့ ဘဝတွေများစွာ....

[Google ၏ Mailing မေးဂရုတစ်ခုကို ဘူတာရုံ တစ်ခုဟူ၍ ခံစားတင်ပြပါသည်။ ဧးသိမ်း]

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား