Thursday, December 22, 2011

Excel Tip: စာမေးပွဲ အောင်စာရင်း [Custom Number Format]

ဆိုပါစို့ ကျောင်းသားတွေရဲ့ စာမေးပွဲ ရလဒ်တွေ ရှိမယ်။ နာမည်နဲ့ ရမှတ် ကော်လံတွေ ရှိမယ်။ စာမေးပွဲရလဒ် အနေနဲ့ ...
အမှတ် ( ၄၀ ) အောက်ဆို ကျ၊
( ၄၀ )  နှင့်အထက် အောင်၊
( ၈၀ ) နှင်အထက် ဂုဏ်ထူး ဆိုပါစို့။
အောင်စာရင်း မှာ စာမေးပွဲရလဒ် ( အောင်၊ ကျ၊ ဂုဏ်ထူး ) ကို ဘေး ကော်လံမှာ လက်နဲ့ ဝင်မရိုက်ပဲ အော်တို ပြစေချင်တယ်။ ဘယ်လို လုပ်မလဲ စဉ်းစားပြချင်ပါတယ်။ သုံးမည့်နည်းက Excel ရဲ့ Custom Number Format ဖြစ်ပါတယ်။

 (*** ဤနည်းသည် Excel ၏ Formula ကို သုံးပြီး တွက်ထုတ်တဲ့ နည်း၊ Excel ၏ Conditional Formatting Rules စသည်တို့နဲ့ မသက်ဆိုင်ပါ။)

Excel Tips: Custom Number Format


ပေးထားမည့် စာရင်းက အောက်ပါအတိုင်း ဖြစ်ပါတယ်။ (* ပုံမမြင်ရရင် display images ကို နှိပ်ပါရန်)
given%252520data_.jpg
ပုံ(၁) ပေးထားသော ဇယား



အပေါ်ဆုံးကျောင်းသားရဲ့ ရလဒ် cell မှာ ရမှတ် cell ကို ပြန် reference လုပ်ပါမယ်။
cellRef.jpg
ပုံ(၂) ရလဒ် cell မှာ ရမှတ် cell ကို ပြန် reference လုပ်ပုံ

ပြီးတော့ အလားတူ reference ကို ကျောင်းသားအားလုံးအတွက် drag လုပ်ပေးလိုက်ပါမယ်။
cellRef%252520drag.jpg
ပုံ(၃) cell reference ကို ကျောင်းသားအားလုံးအတွက် drag လုပ်ပေးလိုက်ပုံ


အခုဆို ကျောင်းသားအားလုံးရဲ့ ရလဒ်cell တွေမှာ ရမှတ်တွေ reference ဝင်သွားပါပြီ။
All%252520cellRef%252520dragged.jpg
ပုံ(၄) ရလဒ်cell တွေမှာ ရမှတ်တွေ reference ဝင်သွားပုံ

ရလဒ်cell အားလုံးကို select မှတ်ပါ။ Number Format Dialog Box (Shortcut key = Ctrl + 1) ကို ခေါ်တင်ပါ။ Custom Format ကို ရွေးပါ။ ဝင်ပြင်ရမည့် နေရာကို အဝါရောင် ချယ်ပြထားပါတယ်။ အောက်ပုံကို ရှုပါ။

ပုံ(၅) Select မှတ်ထားသော cell များ၏ Number Format ကို ဝင်ချိန်ပုံ
3%252520Condt%2525204%252520Custom%252520Format_.jpg

အဝါရောင် ချယ်ထားတဲ့  နေရာမှာ ပြင်ရေးရမည့် စာက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
[>=80]"ဂုဏ်ထူး";[<40]"ကျ";"အောင်"

ဒါကို Custom Number Format လို့ ခေါ်ပါတယ်။
( ; ) လေးနဲ့ ကန့်ထားတဲ့ အပိုင်း (၃) ပိုင်း ရှိကြောင်း တွေ့နိုင်ပါတယ်။
3%252520Condt.jpg
ပုံ(၆) Custom Format

တစ်ပိုင်းဆီအတွက် ကန့်သတ်ချက်ကို လေးထောင့်ကွင်းထဲ ထည့်ရေးရပါမယ်။

အပိုင်း (၁) အတွက် ကန့်သတ်ချက် က (၈၀) နှင့် အထက်ဆိုတော့ >=80 ပေါ့။ လေးထောင့်ကွင်းထဲ ထည့်ရေးမယ်။  [>=80] လို့ ဖြစ်သွားပါတယ်။
ကန့်သတ်ချက်ပြီးရင် ပြလိုတဲ့ Number Format ကို ရေးရပါမယ်။ ဒီကိစ္စ မှာကျတော့ ၈၀ နှင့်အထက်ဆို ပြစေချင်တာက ဂုဏ်ထူး မလား? ဒါကို Double Quote ထဲ ထည့်ရေးလိုက်ပါမယ်။ "ဂုဏ်ထူး" ပေါ့။ ဒီတော့ [>=80]"ဂုဏ်ထူး" ဖြစ်သွားပါပြီ။ အပိုင်း(၁) ပြီးတာမို့ Semi-Colon ( ; ) ခံပါတယ်။ 
[>=80]"ဂုဏ်ထူး" ;
အပိုင်း (၂) အတွက် ကန့်သတ်ချက် က (၄၀) နှင့် အထက်ဆိုတော့ >40 ပေါ့။ လေးထောင့်ကွင်းထဲ ထည့်ရေးမယ်။  [>40] လို့ ဖြစ်သွားပါတယ်။ ဒီတော့ [<40]"ကျ" ဖြစ်သွားပါပြီ။ အပိုင်း(၂) ပြီးတာမို့ Semi-Colon ( ; ) ခံပါတယ်။ 
[<40]"ကျ" ;
အပိုင်း (၃) အတွက် ကန့်သတ်ချက် မလိုအပ်တော့ပါဘူး။ ကန့်သတ်ချက်(၁) နဲ့ ကန့်သတ်ချက်(၂) ဆီက လွတ်ကင်းသမျှ ရမှတ်တွေ အားလုံး အကျုံးဝင်ပါမယ်။  ဒီတော့ ပြစရာ ဆိုလို့ Custom Format တစ်ခုပဲ ကျန်ပါမယ်။ "အောင်" သက်သက်ပါပဲ။

Custom Format ကို စိတ်တိုင်းကျပြီ ဆိုရင် အိုကေ နှိပ်လိုက်ပါ။ ရလဒ် ကော်လံမှာ အောက်ပါအတိုင်း မြင်တွေ့ ရပါလိမ့်မယ်။
3%252520Condt%252520set.jpg
ပုံ(၇) Custom Format သုံးထားသော ရလဒ်ကော်လံ

မှတ်ချက်။ ကန့်သတ်ချက် ၂ ခုနဲ့ ပိုင်းခြားနိုင်တဲ့ ဖော်ပြချက်တွေ လိုအပ်မယ်ဆိုရင် ဖော်မြူလာတွေ ရှုပ်ရှုပ်ရှက်ရှက် ဖြေရှင်းစရာ မလိုဘဲ လက်တန်းလုပ်နိုင်တဲ့ Excel ရဲ့ Custom Format အကြောင်း ဖောက်သည်ချပါတယ် ခင်ဗျာ။ တစ်ခုမှတ်ထားရမှာက အပိုင်း (၃) အတွက် ကန့်သတ်ချက်  ထပ်မံ ဖော်ပြခွင့် မရှိပါဘူး။ ကန့်သတ်ချက်(၁) နဲ့ ကန့်သတ်ချက်(၂) ဆီက လွတ်ကင်းသမျှ  အားလုံး အကျုံးဝင်ပါမယ်။ 

ဒီအဆင့်ကို အခြေခံလို့ သတ်မှတ်မယ်ဆိုရင် နောက် တစ်ဆင့်မြင့်တာလေး ဆက်ပြောပြပါဦးမယ်။
--- အပေါ်က အပိုင်းက နားလည်မှသာ ဆက်ဖတ်ပါ။ ----
ဆိုပါစို့ ကျောင်းသားတွေရဲ့ စာမေးပွဲ ရလဒ်တွေ ရှိမယ်။ နာမည်နဲ့ ရမှတ် ကော်လံတွေ ရှိမယ်။ အောင်စာရင်းမှာ စာမေးပွဲရလဒ် အနေနဲ့ အမှတ်(၄၀)အောက်ဆို ကျ၊ (၄၀) နှင့်အထက် အောင်၊ (၈၀)နှင့်အထက် ဂုဏ်ထူး ဆိုပါစို့။ စာမေးပွဲရလဒ် ( အောင်၊ ကျ၊ ဂုဏ်ထူး ) ကို ဘေး ကော်လံမှာ မရိုက်ပဲ အော်တို ပြစေချင်တဲ့ အပြင်...
( ကျ ) ကို မှင်အနီနဲ့၊
( အောင် ) ဆို မှင်အနက်၊
( ဂုဏ်ထူး ) ဆို မှင်အစိမ်းနဲ့ ပြစေချင်တယ်။ ဘယ်လို လုပ်မလဲ ?
နည်းလမ်းတွေ အများကြီး ရှိပါတယ်။ (* တစ်ခုပဲ cell ကို select မှတ်ပြီး ဖောင့်ကို အရောင်ခြယ်လို့တော့ မပြောကြေး :D)

လုပ်နည်းက ... ခုနက Custom Format မှာ ပြောင်းစေချင်တဲ့ မှင်အရောင်လေး ဖော်ပြပေးလိုက်ရုံပါပဲ။ သုံးနိုင်တဲ့ မှင်အရောင်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
BLACK  
BLUE  
CYAN  
GREEN  
MAGENTA  
RED  
WHITE  
YELLOW  

သုံးမည့် မှင်အရောင်ကို Custom Format တွင် ဖော်ပြရာမှာ အရောင်ထည့်ပေးဘို့ ညွှန်းမှန်း သိစေရန် အရောင်ကို လေးထောင့်ကွင်းထဲ ထည့်ရေးရပါမယ်။ * လာပြန်ပြီ လေးထောင့်ကွင်း :)
(၈၀)နှင့်အထက် ဂုဏ်ထူး ကို မှင်အစိမ်းနဲ့ ပြစေချင်တယ်ဆိုတော့ [GREEN]  ပေါ့။ ဒီတော့ အပေါ်က အခြေခံမှာ အရောင်တွေ ထပ်ဖြည့်ကြမယ် ဆိုရင်....
[Green][>=80]"ဂုဏ်ထူး";

[Red][<40]"ကျ";

"အောင်"

လို့ ဖြစ်သွားပါမယ်။ အပိုင်း (၃) ကိုတော့ အရောင် ထပ်မပေးတော့ပါဘူး။ နဂို CELL မှာလည်း အနက်ဆိုတော့ ပို ထူးမလာလို့ပါ။

3%252520Condt%252520with%252520Color.jpg
ပုံ(၈) အရောင်တန်ဘိုးပါ ဖော်ပြထားသော Custom Format

Custom Format မှာ အရောင်တန်ဘိုးတွေ ဖြည့်စွက်ပြီးလို့ အိုကေပေးလိုက်တဲ့ အခါ ရလဒ်မှာ အောက်ပါအတိုင်း အရောင်လေးတွေ ပါလာပါလိမ့်မယ်။

3%252520Condt%252520with%252520Color%252520Set.jpg
ပုံ(၉) အရောင်တန်ဘိုးပါ ဖော်ပြထားသော Custom Format သုံးထားသည့် ရလဒ်ကော်လံ

*** Custom Format မှာ ပေးထားတဲ့ အရောင်တွေပါတဲ့ cell ကို ရိုးရိုး ဖောင့်အရောင် ပြောင်းသလို ဝင်ပြောင်းလို့ မရနိုင်ပါဘူး။

တကယ်ကို စိတ်ဝင်စားဘို့ ကောင်းတဲ့ Excel ရဲ့ Custom Number Format ဖြစ်ပါတယ်။ နမူနာမှာ စာမေးပွဲ အောင်စာရင်း အနေနဲ့ ရိုးရိုးစင်းစင်း ဖော်ပြထားပေမည့် မိတ်ဆွေရဲ့ လက်တွေ့ဘဝ လုပ်ငန်းခွင်မှာလည်း တစ်ဒေါင့်တစ်နေရာက အသုံးတည့်ပါစေကြောင်း ဆန္ဒပြုပါတယ်။ နမူနာ ဆောက်ပြထားတဲ့ ဖိုင်ကို အတက်ခ်ျတွဲထားပါတယ်။ 22-12-2011 (THU)

Shrek® @ Google+
Shrek® @ Facebook
Shrek® @ Blog Spot
Shrek® @ WordPress
Shrek® @ Real Family Google mailing Group
Shrek® @ Myanmar Family ဖိုရမ်

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား