ဖောင့်ဆက်တင်ချိန်မရတဲ့ ဆော့ဝဲမှာ ကိုယ်မြင်ချင်တဲ့ ဖောင့်က လေးထောင့်အတုံးတွေပဲ ဖြစ်နေတယ် ဆိုရင် ...
ဒီဆောင်းပါးကို ပညာရှင်တွေ မြင်ရင် ထိုင်ငိုမလား မသိဘူး။ Lu Zein မင်းကွာ မဟုတ်တရုတ်လုပ်ချလိုက်ပြန်ပြီလို့ ကွန်းမန့် ပေးကောင်း ပေးလိမ့်မယ်။ (တရုတ်စပ်တဲ့ သူငယ်ချင်းများ ဖတ်မိရင် ဆောရီးပါ)
ကျနော် ခု ပြောပြမှာက ဖောင့် တစ်ခုနဲ့ တစ်ခု ရောမွှေနည်း ဖြစ်ပါတယ်။
ဇော်ဂျီပေါ်ကာစ ယူနီကုတ် မြင်းရိုင်း ဇောင်းက လွတ်ချိန်ကို မှတ်မိကြမလား မသိဘူး။ တစ်ချက်လောက် ပြန်သွားကြည့်ရအောင် ...။ အဲ့တုန်းကဆို ASCII ဖောင့်တွေ ဖြစ်တဲ့ ဝင်းအင်းဝ၊ CE, Gandamar စတာတွေနဲ့ PageMaker နဲ့ နပန်းလုံးနေရာကနေ အင်္ဂလိပ်စာထဲ မြန်မာလိုပါ တန်းပေါ်အောင် လုပ်လို့ ရတဲ့ ခေတ်ဖြစ်ထွန်းကာစ ကာလပေါ့။ ဇော်ဂျီဖောင့်ပဲ ပီပီပြင်ပြင် ရှိသေးတယ်။ ဖောင့်လုပ်ပေးတဲ့ Developer နာမည်တော့ မမှတ်မိတော့ပါဘူး။
ထိုစဉ်က ဇော်ဂျီဖောင့် ပေါ်ပေမည့် ဆော့ဝဲတိုင်းမှာ မြန်မာလို မပေါ်သေးဘူး။ ပေါ်အောင် ဖောင့်ရွေးဘို့ နေရာ မပါတဲ့ ဆော့ဝဲတွေ ရှိပါတယ်။ အခုခေတ်နဲ့ ယှဉ်ပြောရင် Viber မှာ ဖောင့် ဆက်တင်ချိန်ဘို့ နေရာ မပါတော့ မြင်ကွင်းမှာ ဇော်ဂျီဖောင့် အစား စာလေးထောင့်အတုံး လေးတွေပဲ တန်းစီ မြင်နေရသလိုပေါ့။ ဒီတော့ မဟုတ်တရုတ် ဘာလုပ်တယ် မှတ်သလဲ။ အဲ့ဒီ ဖောင့် ဆက်တင်ချိန်မရတဲ့ ဆော့ဝဲက ဘာဖောင့်ကို အဓိက သုံးနေသလဲ လိုက်ရှာတယ်။ ရှာလို့ တွေ့ရင် အဲ့ဖောင့်ထဲကို ဇော်ဂျီဖောင့်ထဲက Characters တွေ သွင်းထည့်ပစ်လိုက်တယ်။ အပ်ချလောင်းပဲ။ ခုန လေးထောင့်အတုံးတွေ အကုန် ဖတ်လို့ ရတဲ့ စာ ဖြစ်ကုန်ရော...။ ဟဲ ဟဲ။ ဗမာပီပီ ဥာဏ်နီဥာဏ်နက်ကတော့ တယ်များသကိုး။ ကော်ပီရိုက်နဲ့တော့ အသေငြိမည့် ကိန်းနေား။ ဖောင့်ပိုင်ရှင်သာသိသွားရင် ဒေါသထွက်ပြီး ထိုင်ငိုလိမ့်မယ် :D
အခု ဘာလို့ ရေးရသလဲဆိုတော့ ကနေ့ မှတ်မှတ်ရရ ကွန်ပျူတာထဲကို Viber for Desktop ထည့်ကြည့်လိုက်တာ အလားတူ အဖြစ်ကြုံလိုက်လို့ပါပဲ။ ဖောင်ဆက်တင်ချိန်ဘို့ နေရာမပါဘူး။ ဗမာစာတွေက လေးထောင့်အတုံးတွေပဲ ဖြစ်နေတယ်။ ဒီတော့ လုပ်နေကျအတိုင်း သူသုံးတဲ့ဖောင့်ထဲကို ဇော်ဂျီဖောင့်ကို ရောသမမွှေလိုက်တယ်။ (အဲ... ရောသမမွှေဆိုတဲ့ စကားလုံးတော့ ကော်ပီရိုက် မရှိလောက်သေးပါဘူးနေား :D )
ဖောင့် ရောသမမွှေဘို့ ဘာတွေ လိုအပ်သလဲ ဆိုတော့...
၁) ဖောင့်ပြင်တဲ့ ဆော့ဝဲ
၂) ထည့်လိုတဲ့ဖောင့် (ဥပမာ ဇော်ဂျီ)
၃) အထည့်ခံရမည့်ဖောင့် (ဥပမာ Arial)
ဒီ (၃) ခုပါပဲ။
အသေးစိတ် ပြောပြပါမယ်။
၁) ဖောင့်ပြင်တဲ့ ဆော့ဝဲ (စာ သေချာ ဖတ်ပေးပါနေား။ ဖောင့်ပြင်တဲ့ဆော့ဝဲပါ။ အောက်ကမြင့်ပါတယ်။ ကျနော် အကြိုက်ဆုံးကတော့ FontCreator ပါပဲ။ အလွယ်တကူ ရှာမရရင် ဒီလင့်က ယူပါ။ rar ဖြည်ဘို့ ပတ်စ်ဝပ်ကတော့ mmit ဖြစ်ပါတယ်။
၂) ထည့်လိုတဲ့ဖောင့်
ဥပမာ ဇော်ဂျီ ဖောင့်ကလည်း မရှားပါဘူးနော်း။ စက်ထဲက C:/Windows/Fonts ထဲမှာ ရှိနေပါတယ်။
၃) အထည့်ခံရမည့်ဖောင့်
ဥပမာ Arial ဖောင့်ကလည်း မရှားပါဘူးနော်း။ စက်ထဲက C:/Windows/Fonts ထဲမှာ ရှိနေပါတယ်။
ဒါဆို ရောသမမွှေဘို့ စလိုက်ရအောင်။
(သတိ။ ။ ဘာကို ကလိ ကလိ။ မူရင်း မပျက်စီးရလေအောင် ၎င်း အထည့်ခံရမည့်ဖောင့် Arial ကို ဟတ်ဒစ်တစ်နေရာရာမှာ မှတ်မှတ်ရရ အရင် သိမ်းထားလိုက်ပါ။)
1) FontCreator ကို run လိုက်ပါ။ (Install လုပ်တာ, crack ဖိုင်နဲ့ လဲတာ ဗမာတွေ ကျွမ်းပြီးသားမို့ ကျော်ချလိုက်သည်)
2) Installed Fonts ထဲကနေ ထည့်လိုတဲ့ဖောင့်ကို ရွေးဖွင့်လိုက်ပါ။ (ဥပမာ အနေနဲ့ ဇော်ဂျီဖောင့်ကို လုပ်ပြထားပါတယ်။)
3) Unicode - Myanmar ကို ရွေးပါ။ စာလုံး အလုံးရေကို စစ်ပါ။ ၎င်း စာလုံးအလုံးတိုင်းကို Select မှတ်ပြီး Copy (Ctlr+c) ကူးယူထားပါ။ စာလုံး အလုံးရေက ပုံမှာ မြင်ရတာ ၁၃၂ လုံးပေါ့။
4) 2) Installed Fonts ထဲကနေ အထည့်ခံရမည့်ဖောင့်ကို ရွေးဖွင့်လိုက်ပါ။ (ဥပမာ Arial ပေါ့ဗျာ) ၎င်းဖောင့်ပေါ်မှာ မြေကွက်လပ်အလွတ်လုပ်ယူပါမယ်။ ကျူးကျော်တဲ ဆောက်ဘို့။ အဲ... ထည့်လိုတဲ့ဖောင့်က အလုံး ၁၃၂ လုံးကို လာထည့်ဘို့ပေါ့။ ၁၃၂ ကွက်ပေါ့။ လွတ်လွတ်ကျွတ်ကျွတ် နောက်ဆုံးမှာ ထည့်ပါ။
5) ထည့်လိုက်တဲ့ အကွက်တွေက Select မှတ်ပြီးသား ဖြစ်နေပါမယ်။ ဒါဆို ခုနက ကော်ပီကူးထားတဲ့ အလုံးတွေကို တန်းပြီး Paste special လုပ်လိုက်ရုံပါပဲ။ ဒါဆို ဖောင့်နှစ်ခု ရောသမမွှေပြီးသား ရပါပြီ။
6) ရလာတဲ့ဖောင့်ကို ဆေ့ပြီး ခုနက C:/Windows/Fonts ထဲ ပြန်ထည့်ပေးလိုက်ရင်... Arial ကြီး ကိုယ်တိုင်က ဇော်ဂျီမွှေပြီးသား ဖြစ်သွားပါပြီခင်ဗျား။
ဒီမှာ ကျနော် လုပ်ပုံလုပ်နည်းပဲ ဖောက်သည်ချခြင်း ဖြစ်ပါတယ်။ လုပ်ပြီးသား မတင်ထားပါဘူး။ မိမိဘာသာ လုပ်ကြည့်ဘို့ပဲ လိုပါတယ်။ နည်းပညာသက်သက် မျှဝေခြင်းဖြစ်ပါတယ်။ ဇော်ဂျီဖောင့်နှင့် Arial ဖောင့်အား နမူနာ ပေးခြင်းအတွက် ဖောင့်ပိုင်ရှင်များ အနေဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် တောင်းပန်အပ်ပါသည်။
ဖောင့်ရေးဆွဲတဲ့ ဆော့ဝဲကို ဖောင့်ရောသမမွှေဘို့ သုံးလိုက်တဲ့အတွက် ဆောင်းပါးအစမှာ ပညာရှင်တွေ မြင်ရင် ကဲ့ရဲ့မယ်လို့ ဆိုလိုရင်း ဖြစ်ပါတယ်။ ကဲ့ရဲ့လည်း တတ်နိုင်ဘူးဗျာ။ ကိုယ်သိတာကလည်း ဂလောက်လေးပဲ ဆိုတော့ :D
အသိချင်း ဖလှယ်၍ ပိုသိ ပိုတတ်တဲ့ ဗမာလူငယ်များ ဖြစ်ကြပါစေကြောင်း....။
Lu Zein @ ကွန်ပျူတာနှင့် နည်းပညာဆိုင်ရာ အမေးအဖြေ ဆွေးနွေးခန်း
16-Jan-2014
No comments :
Post a Comment
ကွန်းမန့်လေး ထားခဲ့ပါလား