Tuesday, February 28, 2012

မီတာ ၂၀၀ ပြေးပွဲ တာထွက်စံနစ်

 

ပုသိမ်ကောလိပ် ပထမအကြိမ် ပြေးခုန်ပစ် ပြိုင်ပွဲကို ဧရာဝတီတိုင်း အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ကျောင်းသား၊ကျောင်းသူ အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ဝင်ရောက်မယှဉ်ပြိုင်သော ကျောင်းသား၊ကျောင်းသူများလည်း လာရောက် အားပေးကြသည်။ စာရေးသူသည်လည်း အားပေးသူတစ်ဦး ဖြစ်သည်။

ဧရာဝတီတိုင်း အားကစားကွင်းသည် မီတာ ၄၀၀ ပြေးလမ်းရှိသော ကွင်း ဖြစ်သည်။ လမ်းကြောင်းပေါင်း ခြောက်လမ်း ရှိသည်။ ဆိုလိုသည်မှာ တစ်ကြိမ်လျှင် အားကစားသမား (၆) ဦး ယှဉ်ပြိုင်နိုင်သည်။ မီတာနှစ်ရာပြေးပွဲ စတင်ကျင်းပသောအခါ အားကစားသမားများသည် တာထွက်နေရာတွင် မိမိတို့ မဲကျရာလမ်းကြောင်းများ၌ အဆင်သင့်ရပ်နေကြသည်။ စာရေးသူသည် ထူးခြားသော အချက်တစ်ချက်ကို သတိပြုမိသည်။ အားကစားသမား ခြောက်ဦးသည် တာထွက်မှတ် မတူကြပေ။ အပြင်ဆုံးလမ်း ပြေးသူသည် အရှေ့ဆုံး တာထွက်မှတ်တွင် နေရသည်။ ဒုတိယ အပြင်လမ်း ပြေးသူသည် ဒုတိယအရှေ့ဆုံးတာထွက်မှတ်၊ အတွင်းဆုံးပြေးလမ်းတွင် ပြေးရသောသူ၏ တာထွက်မှတ်သည် ခြောက်ဦးထဲတွင် နောက်အကျဆုံးသော တာထွက်မှတ်မှ စထွက်ရသည်။


အပြင်လမ်းပြေးသူသည် အဘယ်ကြောင့် အတွင်းလမ်းပြေးသူများထက် တာထွက်တွင် ရှေ့မှ ပြေးရသနည်း။

ကျွန်ုပ်တို့ သိသည်မှာ စက်ဝိုင်းတစ်ခုတွင် စက်ဝန်းနှင့် အချင်း၏ အချိုးသည် ကိန်းသေ ဖြစ်သည်။ ယင်းကိန်းသေသည် π "ပိုင်" ဖြစ်သည်။ π ၏ တန်ဖိုးသည် ၃ ဒသမ ၁၄ ဖြစ်သည်။ ထို့ကြောင့် အထက်ပါသဘောတရားအရ စက်ဝိုင်းတစ်ခု၏ စက်ဝန်းသည် ယင်းစက်ဝိုင်းအချင်း၏ ၃ ဒသမ ၁၄ ဆရှိသည်။ ဆိုလိုသည်မှာ အချင်းဝက်၏ ၆ ဒသမ ၂၈ ဆ ရှိမည်။

 

 

Inline image 1

The circumference of a circle is slightly more than three times as long as its diameter. The exact ratio is called π.

C = ၆.၂၈ R

C = စက်ဝန်းအရှည်

R = အချင်းဝက်

အကယ်၍ အချင်းဝက် တစ်မီတာတိုးလျှင် စက်ဝန်းအရှည် ၆ ဒသမ ၂၈ မီတာ တိုးရမည်။

 

စက်ဝန်းနှင့် အချင်း ၏ ဆက်စပ်ချက် (π)

Inline image 2

When a circle's diameter is 1 unit, its circumference is π units.

စက်ဝိုင်းပုံ ပြေးလမ်းများဖြင့် ပြေးပွဲကျင်းပရာတွင် အကယ်၍ ပြေးလမ်းတိုင်း၏ အကျယ်သည် တစ်မီတာရှိပါလျှင် အနီးကပ်နေသော ပြေးလမ်းနှစ်ခု၏ အချင်းဝက်သည် တစ်မီတာ ကွာနေလိမ့်မည်။ ထို့ကြောင့် အပြင်ပြေးလမ်းသည် အတွင်းပြေးလမ်းထက် ၆ ဒသမ ၂၈ မီတာ ပိုရှည်လိမ့်မည်။ ဆိုလိုသည်မှာ စက်ဝိုင်းပုံပြေးလမ်းများ၏ အချင်းဝက်သည် တစ်ခုနှင့် တစ်ခု မတူပေ။ အနီးကပ်နေသော ပြေးလမ်းနှစ်ခုသည် တစ်မီတာမျှ အချင်းဝက်ကွာလျှင် စက်ဝန်းတစ်ပတ်တွင် အရှည် ၆ ဒသမ ၂၈မီတာ ကွာနေမည်။

မီတာ ၂၀၀ ပြေးပွဲတွင် များသောအားဖြင့် မီတာ ၄၀၀ ကွင်း၏ တစ်ဝက် ပြေးရသည်။ မီတာ ၂၀၀ ပြေးပွဲတွင် ပထမ မီတာ ၁၀၀ ၏ ပြေးလမ်းကို စက်ဝန်းပုံတွင် ပြေးရပြီး ကျန်မီတာ ၁၀၀ ကို မျဉ်းဖြောင့်အတိုင်း ပြေးနိုင်ရန် စီစဉ်ထားသည်။ ကွင်းတစ်ပတ်သည် မီတာ ၄၀၀ ဖြစ်၍ မီတာ ၂၀၀ ပြေးပွဲ၏ စက်ဝန်းပုံပြေးလမ်းသည် စက်ဝိုင်း၏ နှစ်ပုံတစ်ပုံ ရှိသည်။ (နှစ်ကြိမ် ကွေ့ပြေးရမည်။ ကွေ့တစ်ခုသည် စက်ဝန်း၏ ၁/၄ (လေးပုံတစ်ပုံ) ဖြစ်သည်။) အကယ်၍ အနီးကပ်နေသော ပြေးလမ်းနှစ်ခု၏ အချင်းဝက်သည် တစ်မီတာ ကွာခြားပါက တစ်ပတ်၏ ၁/၂ ရှိသော ထိုစက်ဝန်းကွေ့ နှစ်ခုသည် ၆ ဒသမ ၂၈ မီတာ × ၁/၂ = ၃ ဒသမ ၁၄ မီတာ (၃ ဒသမ ၁ မီတာ) ပိုရှေ့ရောက်ရမည်။

အကယ်၍ ပြိုင်နေသော ပြေးလမ်း ခြောက်လမ်း ရှိလျှင် အပြင်ဘက် အကျဆုံး ပြေးလမ်းတွင် ပြေးရသောသူသည် အတွင်းဘက် အကျဆုံးပြေးလမ်းတွင် ပြေးရသော သူထက် ၁၅ ဒသမ ၅ မီတာမျှ တာထွက်လျှင် ရှေ့မှ နေရာယူ ပြေးရပေမည်။ ဤကဲ့သို့ တာထွက်တွင် တာထွက်မှတ်ကို တွက်ချက်ပြီး သတ်မှတ်ပေးခြင်းကြောင့် တာဝင်တွင် မျှတမှု ရှိပေလိမ့်မည်။ ဤသဘောတရားကို နားလည်ထားပါက အားကစားကွင်းများတွင် ပြေးလမ်းများဆွဲသောအခါ အတွင်းဘက်အကျဆုံး ပြေးလမ်းကိုသာ မီတာ ၄၀၀ ရှိအောင်ဆွဲပြီး ကျန်ပြေးလမ်းများကို တစ်မီတာအကျယ်စီဆွဲသည်။

မီတာ ၂၀၀ ပြေးပွဲ ကျင်းပသောအခါတွင်လည်း ပြေးလမ်း ခြောက်လမ်းကို တစ်ခုစီ တိုင်းမနေရဘဲ အထက်ပါ တွက်ထားသည့်အတိုင်း တာထွက်မှတ်ကိုသာ ရှေ့တိုး သတ်မှတ်ရသည်။ ဤသည်မှာ အားကစားကွင်းမှ သင်္ချာပညာ ဖြစ်ပေသည်။


မှတ်ချက်။ စာပေဗိမာန်ထုတ် သိပ္ပံမျိုးသန့်၏ ပတ်ဝန်းကျင်မှ သင်္ချာပညာ (၁၉၉၀) တွင် ပါရှိသော ဆောင်းပါးကို ဗဟုသုတအလို့ငှါ စာစီ၍ ဖော်ပြပါသည်။ (Lu Zein)

ပုံများ ဝိကီ မှ ရယူပါသည်။ Image source: http://en.wikipedia.org/wiki/Pi

No comments :

Post a Comment

ကွန်းမန့်လေး ထားခဲ့ပါလား